Homeမြန်မာသတင်း
ကျောက်ဆည်မြို့နယ်က မုန့်တိုက်ပိုင်ရှင်၊ မိသားစုနှင့်ဆိုင်ဝန်ထမ်း ၁၈ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
ကျောက်ဆည်မြို့နယ်က မုန့်တိုက်ပိုင်ရှင်၊ မိသားစုနှင့်ဆိုင်ဝန်ထမ်း ၁၈ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
December 13, 2020
ကျောက်ဆည်မြို့နယ် စူပါဝမ်းမုန့်တိုက်က မုန့်တိုက်ပိုင်ရှင်၊ မိသားစုနဲ့ ဆိုင်ဝန်ထမ်း စုပေါင်း ၁၈ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရတယ်လို့ သိရပါတယ်။
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် မြို့လယ်ကောင်က စူပါဝမ်းမုန့်တိုက်က ပိုင်ရှင်အမျိုးသားဟာ ဆီးချိုရောဂါအခံကြောင့် အပြင်ဆေးခန်းပြရာမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာဖြစ်ပြီး တဆိုင်လုံးကို ထပ်မံစစ်ဆေးရာ မိသားစုဝင် ၁၀ ဦးနဲ့ ဆိုင်ဝန်ထမ်း ၇ ဦးတို့မှာ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့တာလို့ ကျောက်ဆည်မြို့နယ် ကိုဗစ်ကော်မတီက သိရပါတယ်။
“ဆေးခန်းက ဆရာဝန် ဝန်ထမ်းတွေကတော့ negative ထွက်ခဲ့ပေမဲ့ အဲဒီမုန့်ဆိုင်မှာ စျေးဝယ်သူတွေ ဝင်ထွက်သူတွေကို contact လိုက်လို့ မလွယ်တော့တာကြောင့် အဲဒီမုန့်တိုက်ကို လွန်ခဲ့တဲ့ တစ်ပတ်အတွင်း ဝင်ထွက်ခဲ့သူတွေ ကိုယ့်အသိစိတ်နဲ့ကိုယ် ကွာရန်တင်းဝင်ကြဖို့” မြို့နယ်ဆေးရုံအုပ်ကြီးက သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ တိုက်တွန်းပါတယ်။
ဆိုင်ဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေနဲ့ ဆိုင်အနီးအနားက အိမ်တွေကို ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ ထပ်မံစစ်ဆေးသွားမှာဖြစ်ပြီး ပြည်လုံးနိုင်ရပ်ကွက် ၁၇ လမ်းကိုလည်း တစ်လမ်းလုံး lockdown ချလိုက်ပြီလို့ မြို့နယ်ကိုဗစ်ကော်မတီ လက်ထောက်ဆရာဝန် ဒေါက်တာယဥ်မင်းမင်းစိန်က ပြောပါတယ်။
“အနီးအနား ပတ်ဝန်းကျင်အိမ်တွေနဲ့ ဆိုင်ဝန်ထမ်းမိသားစုဝင်တွေပါ positive ထွက်ခဲ့ရင် ကျောက်ဆည်မြို့ဟာ စိုးရိမ်နိုင်ဖွယ်ရှိတယ်။”
ဆေးရုံမှာ အတည်ပြုလူနာတွေထားဖို့ အရန်ခုတင်အလုံး ၂၀ လောက် လိုအပ်နေပြီး လှူဒါန်းပေးကြဖို့လည်း ဆရာဝန်တွေက ပြောပါတယ်။
ကျောက်ဆည်မြို့နယ်မှာ ဒီဇင်ဘာ ၁၂ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာအယောက် ၉၀ အထိ ရှိသွားပြီဖြစ်ပါတယ်။
သတင်း - နွေလှိုင်း(YU)