မအူပင်မြို့သို့ ပြောက်ကျားဝတ်စုံဖြင့် ခရီးသွားအထောက်ထားမဲ့ ဝင်လာသူ ၈ ဦးကို အမှုဖွင့်
DVB
·
December 12, 2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်မှာ ဒီဇင်ဘာလ ၈ ရက်နေ့က မွန်ပြည်နယ်က ခရီးသွားအထောက်အထားမဲ့ ဝင်ရောက်လာတဲ့ ပြောက်ကျားဝတ်စုံဝတ်အဖွဲ့ဝင် ၈ ဦးကို အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ပြောက်ကျားဝတ်စုံဝတ်အဖွဲ့က မွန်ပြည်နယ်ကနေ မအူပင်မြို့နယ်၊ ကျုံဝါးကြီးကျေးရွာအတွင်း အငြင်းပွားမှုဖြစ်ပွားနေတဲ့ မြေယာကိစ္စအတွက်လာကြောင်း တာဝန်ရှိသူတွေကသိရှိပြီး တိုင်းအစိုးရအဖွဲ့ဆီ တင်ပြကာ အရေးယူမှုတွေ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
ကျုံဝါးကြီးကျေးရွာနေ ဦးတင်ဝင်းက "အဲ့အဖွဲ့က ၂၀၁၉ ကလည်း တစ်ခါလာသေးတယ်၊ ကျနော်တို့ တဲဘေးကိုလာနေပြီး ကျနော်တို့ကို အတင်းဖယ်ခိုင်းတယ်၊ သတ်မယ်လို့ ခြိမ်းခြောက်တာတွေလုပ်လို့ ကျနော်တို့ ရွာထဲကနေ ထွက်ပြေးရတယ်" လို့ ပြောပါတယ်။
တရားစွဲဆိုခံထားရတဲ့ ပြောက်ကျားဝတ်စုံဝတ်အဖွဲ့ဟာ ပြီးခဲ့တဲ့အခေါက် လာရောက်ချိန်မှာ ဘယ်အဖွဲ့အစည်းကမှန်းမသိလို့ ကြောက်ပြီး တာဝန်ရှိသူတွေကို မပြောပေမယ့် ကိုဗစ်ကာလမှာ တခြားနေရာက ဝင်လာသူတွေကို တာဝန်ရှိသူတွေသိအောင် သတင်းပို့ရာက ခုလို အရေးယူခံခဲ့ရတာလို့ သိရပါတယ်။
ပြောက်ကျားဝတ်စုံဝတ်နဲ့ လာရောက်တဲ့အဖွဲ့ဟာ ပြည်သူ့စေတနာဝန်ထမ်းအသင်း (PVB) အမည်နဲ့ လိုက်လံပြီး မြေယာအမှုအခင်းတွေကို ကြားကနေ ဝင်ရောက်ဆောင်ရွက်နေတဲ့အသင်းလည်း ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအဖွဲ့ကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၈ ရက်နေ့ ညနေပိုင်းက ခေါ်ယူတွေ့ဆုံ မေးမြန်းတာတွေ ပြုလုပ်ခဲ့ပြီး ညပိုင်းမှာ ရဲစခန်းမှာ အမှုဖွင့်အရေးယူခဲ့တာလို့ ရဲတပ်ဖွဲ့ကနေသိရပါတယ်။
ပြောက်ကျားဝတ်စုံတွေနဲ့ မွန်ပြည်နယ်က ဝင်ရောက်လာတဲ့ အဖွဲ့ဝင် ၈ ဦးကို တိုင်းအစိုးရရဲ့ ခွင့်ပြုချက်နဲ့ မအူပင်မြို့မရဲစခန်းမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅/ ၃၀ (ခ) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - ရဲတပ်ဖွဲ့