မြန်မာပြည်အတွက် ရထားတွဲအသစ် ၂၄၆ တွဲပေးပို့မည်ဟု မစ်ဆူဘီရှီကြေညာ
DVB
·
December 9, 2020
ရန်ကုန်မြို့ပတ်ရထားအပါအဝင် ပြည်တွင်းမှာ ပြေးဆွဲအသုံးပြုမယ့် ရထားတွဲအသစ် ၂၄၆ တွဲ မြန်မာနိုင်ငံကို ၂၀၂၃ ခုနှစ်ကုန်ပိုင်းကနေစတင် ဆက်တိုက်ရောက်ရှိမယ်လို့ ဂျပန်အကြီးစားစက်မှုလုပ်ငန်းကြီးဖြစ်တဲ့ မစ်ဆူဘီရှီ ကော်ပိုရေးရှင်းက ဒီဇင်ဘာ ၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဂျပန်အစိုးရရဲ့ တရားဝင်ဖွံ့ဖြိုးမှုအစီအစဉ် ( ODA) အရ မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားနဲ့ ပူးပေါင်းကာ အဆင့်မြှင့်တင်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ရန်ကုန်မြို့ပတ်ရထားလမ်းနဲ့ ရန်ကုန်-မန္တလေးရထားလမ်းတို့မှာ အသုံးပြုဖို့ ရထားတွဲအသစ် ၂၄၆ တွဲကို မြန်မာနိုင်ငံသို့ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဆက်တိုက် ပေးပို့သွားဖို့ စီစဉ်ထားတယ်လို့ဆိုပါတယ်။
ပထမအသုတ် ရထားတွဲ ၆၆ တွဲကတော့ ရန်ကုန်မြို့ပတ်လမ်းစီမံကိန်းအတွက်ဖြစ်ပြီး ဒုတိယအသုတ် ရထားတွဲ ၁၈၀ က ရန်ကုန်-မန္တလေး ရထားအတွက်ဖြစ်ကာ စီမံကိန်းနှစ်ခုလုံးအတွက် စုစုပေါင်း ကုန်ကျစရိတ်က ဂျပန်ယမ်းငွေ ၆၉ ဘီလီယံလောက် ရှိတယ်လို့ မစ်ဆူဘီရှီ ကုမ္ပဏီ ဝက်ဘ်ဆိုက်မှာရေးသားဖော်ပြပါတယ်။
အဆိုပါရထားတွဲတွေနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ ၇ ရက်က မစ်ဆူဘီရှီ ကော်ပိုရေးရှင်းနဲ့ မြန်မာ့မီးရထားတို့အကြား စာချုပ်ချုပ်ဆိုခဲ့ပြီး ရထားတွဲတွေကိုတော့ စပိန်နိုင်ငံရဲ့ အကြီးဆုံးရထားတွဲထုတ်လုပ်ရေးကုမ္ပဏီ CAက ဂျပန်ထုတ်စက်ပစ္စည်း ကိရိယာတချို့ကို အသုံးပြုပြီးထုတ်လုပ်သွားမယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ပတ်ရထားလမ်းမှာ ပြေးဆွဲမယ့် ရထားတွဲတွေဟာ အမြင့်ဆုံးမြန်နှုန်း တစ် နာရီလျှင် ၆၀ ကီလိုမီတာနဲ့ ပြေးဆွဲပြီး မြို့ပတ်ရထားလမ်းတစ်ပတ်ပြေးဆွဲချိန်ဟာ လက်ရှိ မိနစ် ၁၇၀ လောက် ကြာမြင့်ပေမဲ့ စီမံကိန်းအရ မိနစ် ၁၁၀ အထိ လျှော့ချနိုင်မယ်လို့ သိရပါတယ်။
ရန်ကုန်-မန္တလေးရထားလမ်းမှာ ပြေးဆွဲမယ့် ရထားတွဲတွေကတော့ အမြင့်ဆုံးမြန်နှုန်း တစ်နာရီလျှင် ၁၀၀ ကီလိုမီတာနဲ့ ပြေးဆွဲမှာဖြစ်ပြီး ရန်ကုန်မှ မြို့တော် နေပြည်တော်ကို ဖြတ်သန်းပြီး မန္တလေးမြို့အထိ ၆၂၀ ကီလိုမီတာခရီးကို ပြေးဆွဲဖို့ ရည်မှန်းထားပါတယ်။
ဒါ့အပြင် ရန်ကုန်-မန္တလေး လက်ရှိ ကြာမြင့်တဲ့ ပြေးဆွဲချိန် ၁၅ နာရီလောက်ကို စီမံကိန်းအရ ၈ နာရီလောက် အထိ လျှော့ချနိုင်ဖို့ ရည်ရွယ်ဆောင်ရွက်နေတယ်လို့ မစ်ဆူဘီရှီ ကော်ပိုရေးရှင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
Photo- Mitsubishi