ဧရာ၀တီတိုင်းတွင် သံဃာ ၁၁ ပါးအပါဝင် ကိုဗစ်-၁၉ လူနာသစ် ၆၇ ဦးထပ်တွေ့
DVB
·
December 7, 2020
ဧရာတိုင်းဒေသကြီးမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၇ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒီနေ့မနက် သတင်းထုတ်ပြန်ထားပါတယ်။
ထပ်တိုးခဲ့တဲ့ အတည်ပြုလူနာသစ် ၆၇ ဦးထဲမှာ မြောင်းမြမြို့နယ်က သံဃာ ၁၁ ပါးအပါဝင် ၁၄ ဦးနဲ့ အများဆုံးတွေ့ရှိခဲ့တာလို့ မြောင်းမြဆေးရုံအုပ်ကြီး ဒေါက်တာ နှစ်ဆန်းဦးက ပြောပါတယ်။
"မြောင်းမြမှာ ဒေသအတွင်း ကူးစက်ခံရတဲ့ လူနာတွေရှိလာပြီဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ လူစုလူဝေးရှောင်စေချင်တယ်၊ အပြင်ထွက်ရင် Mask အပြင် face shield ပါ တပ်စေချင်တယ်။ ပြီးတော့ ကျန်းမာရေးနဲ့ အားကစားကြီးဌာနရဲ့ စည်းကမ်းတွေကို လိုက်နာ စေချင်ပါတယ်။"
လူနာ ၆၇ ဦးတွေ့ရှိခဲ့တဲ့ မြို့နယ်တွေကတော့ မြောင်းမြမြို့နယ်မှာ ၁၄ ဦး၊ ပုသိမ်မှာ ၁၂ ဦး၊ ဒေးဒရဲမှာ ၁၁ ဦး၊ ညောင်တုန်းမှာ ၁၀ ဦး၊ ဇလွန် နဲ့ လပွတ္တာမှာ ၅ ဦးစီ၊ မော်ကျွန်းမှာ ၄ ဦး၊ ဟင်္သာတနဲ့ မအူပင်မှာ ၂ ဦးစီအပြင် ဖျာပုံနဲ့ ဝါးခယ်မမှာ ၁ ဦးစီတွေ့ရှိခဲ့တာပါ။
ဧရာ၀တီတိုင်းမှာ မအူပင်မြို့နယ်က အတည်ပြုလူနာအများဆုံးတွေ့ရှိထားပြီး အဲ့နောက်မှာ ပုသိမ်မြို့နယ်နဲ့ မော်လမြိုင်ကျွန်းမြို့နယ်တို့ ဖြစ်တယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနက သိရပါတယ်။
ဧရာ၀တီတိုင်းမှာ ဒီဇင်ဘာလ ၇ ရက်နေ့ မနက် ၉ နာရီအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၂၅၉ ဦး၊ ဆင်းရုံဆင်းခွင့်ရရှိသူ ၂၄၅၅ ဦးနဲ့ သေဆုံးလူနာ ၂၁ ဦးရှိတယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)