ရန်ကုန်တက္ကသိုလ်ရာပြည့်ထဲက ဦးသန့်ဈာပနသွေးမြေကျ ၄၆ နှစ်ပြည့်
မောင်တူး
·
December 7, 2020
“ဦးသန့်ဈာပနအရေးတော်ပုံ၄၆နှစ်မြောက်”
၁၉၇၄၊ ဦးသန့်အရေးမှာ
ဒီဇင်ဘာ ၁၀၊ တကယ်မသနား
ကျောင်းသားသတ်ခဲ့တာ။
ဒီနေ့ကြည့်လှည့်၊ ပြန်ကာငဲ့
လေးဆယ့်ခြောက်နှစ် ရှိပြီဗျာ။
ရန်ကုန်တက္ကသိုလ်မှ ဦးသန့်ဂူကို ဝင်လု ပစ် ရိုက် သတ်ဖမ်းတာက ၁၁- ၁၂- ၁၉၇၄ ဖြစ်တယ်။
ဦးသန့် ဈာပန အရေးတော်ပုံကြီးဟာ ဦးနေဝင်း မဆလအစိုးရလက်ထက် ၁၉၇၄ ခုနှစ် ဇန်နဝါရီလ ဖြစ်ပွားခဲ့ပြီး ကျောင်းသား၊ ရဟန်း၊ ပြည်သူလူထု ရာနဲ့ချီသေဆုံးခဲ့တဲ့ သွေးမြေကျ အရေးအခင်းကြီး ဖြစ်ပါတယ်။
မဆလ အစိုးရက သေဆုံးစာရင်း မထုတ်ပြန်ပါဘူး။ ကိုယ်တိုင်ပါဝင်ခဲ့သူ အဲ့ဒီအချိန် သင်္ချာပထမနှစ်ကျောင်းသား ဦးရောဘတ်စန်းအောင်ကတော့ ရန်ကုန်တက္ကသိုလ်ထဲကို စစ်တပ်က ဝင်စီးတဲ့ ၁၉၇၄ ခုနှစ် ဒီဇင်ဘာ ၁၁ ရက် မနက်ပိုင်းမှာတင်ပဲ ကျောင်းသား ၅၀ ကျော် ၁၀၀ ကြား သေဆုံးမယ်လို့ ခန့်မှန်းပါတယ်။ အဲ့ဒီအချိန် တက္ကသိုလ်ပြင်ပ ဆန္ဒပြပြည်သူလူထုတွေကို ပစ်ခတ်တာတွေလဲ ရှိခဲ့တာမို့ ဦးသန့်အရေးတော်ပုံမှာ သေဆုံးသူဦးရေ ၁၀၀ ကျော်နိုင်တယ်လို့ ဆိုကြပါတယ်။ စုစုပေါင်း အဖမ်းခံရသူ ၇၀၀၀ ကျော်ရှိပြီး၊ ခေါင်းဆောင်စာရင်းဝင် ၅၂ ဦးကို ထောင် ၃ နှစ်ကနေ ၁၀ နှစ်အထိ ချခဲ့ပါတယ်။
ဒီနေ့ဆို ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲကြီး ကျင်းပနေချိန်ပါ။ ဒါပေမဲ့ ကျောင်းသားတွေ သေဆုံးခဲ့ရတဲ့ ဦးသန့်အရေးအခင်းကြီး အကြောင်းကိုတော့ မကြားရသေးပါဘူး။ အလားတူ ၁၉၆၂ ဇူလိုင် ၇ ရက် အရေးတော်ပုံ၊ မှိုင်းရာပြည့်အရေးတော်ပုံ၊ ၁၉၆၉ ကျွန်းဆွယ် အရေးအခင်း စတဲ့ တက္ကသိုလ်တွင်းက ကျောင်းသားလှုပ်ရှားမှုတွေကတော့ ငုပ်လျှိုးနေဆဲပေါ့။ ကံ့ကော်တော့၊ သစ်ပုပ်ပင် အဓိပတိ လမ်း သာယာကြည်နူးစွာ ကျောင်းတက်ခဲ့ကြပုံများကို တွေ့နေရပေမဲ့ တကသ ဗုံးခွဲထားတဲ့နေရာက ဦးသန့်အုတ်ဂူကြီးကို ပစ်ခတ်ရိုက်နှက် ယူဆောင်သွားတဲ့ ဦးသန့်အရေးအခင်းအကြောင်းကတော့ အသံတိတ်နေဆဲပေါ့။
“ဦးသန့်အရေးတော်ပုံ”
ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦသန့် ဈာပန အရေးအခင်းဆိုတာ ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက်ကနေ ၁၁ ရက်အတွင်း တပတ်တိတိ ဖြစ်ပွားခဲ့တာလို့ အကြမ်းသဘော ပြောရမယ်။ ဦးသန့်ဟာ ကမ္ဘာ့ကုလသမဂ္ဂမှာ အတွင်းရေးမှူးချုပ် တာဝန်ယူရချိန် ကမ္ဘာ့ ငြိမ်းချမ်းရေးလုပ်နိုင်ခဲ့တယ်။ စစ်ပွဲကြီးတွေကို တားဆီးနိုင်ခဲ့ပေါ့။ ဒါကြောင့် ဦးသန့်ကို တကမ္ဘာလုံးက လေးစားကြတယ်။ မြန်မာပြည်သူလူထုတွေကဆို ပြောစရာ မလိုလောက်အောင် လေးစားပြီးသား။ ဒါပေမဲ့ အဲ့သည်အချိန် အုပ်ချုပ်တဲ့ မဆလ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းကတော့ ဦးသန့်ကို မလိုလားဘူး။ ဒီတော့ ဦးသန့် ၁၉၇၅ ခုနှစ် နိုဝင်ဘာ ၂၅ ကွယ်လွန်တော့ မြန်မာပြည်ကို အလောင်းပြန်သယ်လာတဲ့အခါ ကြံတောမှာပဲ မြှုပ်နှံခွင့်ပေးခဲ့တယ်။ ပိုဆိုးတာက ဦးနေဝင်းရဲ့ ဇနီးဟောင်း ဒေါ်ခင်မေသန်းရဲ့ ကြံတောသုသာန်ဂူ ခြေရင်းမှာ ထားခွင့်ပေးတာပါ။
“ဦးသန့်ကို ဂူသွင်း မြှုပ်နှံမည့်
နေရာကို ကြည့်လိုက်တော့
မဆလ အစိုးရ သမ္မတဖြစ်သူ
ဦးနေဝင်း၏ ဇနီး ဒေါ်ခင်မေသန်း၏
ခြေရင်း ပေ ၂၀ အကွာမှာပါ။
ရင်ထဲ နာကျင်စွာခံစားလိုက်ရသည်။ ”
(ဆေးကျောင်းသားလှမြင့်) (ဓာတ်ပုံထိန်ဝင်း၏ ၁၉၇၄ ခု၊ ဦးသန့်အရေးအခင်းတိုက်ပွဲဝင်သူများ၏ သမိုင်းမှတ်တမ်းစာအုပ်မှ)
ဒီလို ဦးသန့်ကို လူသာမန်တွေလို ကြံတောမှာ မြှုပ်နှံမှာကို မကျေနပ်ကြတာ၊ ၁၉၇၄ ခုနှစ် ဇန်နဝါရီ ၁ ရက်က ဦးသန့် ရုပ်ကလာပ် ရန်ကုန်လေဆိပ်ရောက်ချိန် နိုင်ငံတကာ သံတမန်တွေ သွားကြိုခဲ့ကြပေမဲ့ မြန်မာအစိုးရ ခေါင်းဆောင် တဦးမှ မသွားတာ၊ သွားကြိုခဲ့တဲ့ ဒုဝန်ကြီး ဦးအောင်ထွန်းကိုလည်း နောက်နေ့ ဖြုတ်ပစ်လိုက်တာတွေဟာ ပြည်သူလူထုနဲ့ ကျောင်းသားတွေ ပိုပြီး မကျေမနပ် ဖြစ်စေခဲ့ပါတယ်။ ဒါကြောင့် ၁၉၇၄ ခု ဒီဇင်ဘာ ၅ ရက် ကျိုက္ကဆံကွင်းက ဦးသန့် ဈာပနပွဲတော်မှာ ကျောင်းသားတွေက အခုလို ကဗျာလေးကို ဝေငှခဲ့ကြပါတယ်။
“ဦးသန့်အား ထိုက်တန်စွာ ဂုဏ်ပြုပါ”
၅ - ၁၂ - ၁၉၇၄
“သူတို့ထက်ပို၊ မနာလို၍
လူလိုမထား၊ ခွေးလိုထားသည်
စိတ်ထားသိမ်ညစ်၊ မျိုးမစစ်ကြောင့်
ဒို့မြန်မာများ၊
လုံးလုံးလျားများခွေးဖြစ်ပြီ။ ။”
“၁၉၇၄ ဒီဇင်ဘာ ၅ ကျိုက္ကဆံကွင်းမှ ရန်ကုန်တက္ကသိုလ်သို့ ဦးသန့်အလောင်း သယ်ဆောင်ခြင်း”
မူလကတော့ ဒီဇင်ဘာ ၅ မှာ ကျိုက္ကဆံကွင်းကနေ ကြံတောသုသာန်ကို ပို့ပြီး ဂူသွင်းဖို့ပါ။ ဒါပေမဲ့ ရန်ကုန်တက္ကသိုလ် သတ္တဗေဒ ကျောင်းသား ဆလိုင်းတင်မောင်ဦးက “ ကမ္ဘာ့ခေါင်းဆောင်ကြီး ဦးသန့်ကို ကြံတောလိုနေရာမျိုးကို မပို့လိုပဲ တက္ကသိုလ် ကျောင်းထဲမှာ ဗိမာန်ဆောက် ဂူသွင်းမယ်။” လို့ ကြေညာပြီး ကျောင်းသား ပြည်သူတွေကလဲ လက်ခုပ်လက်ဝါးတီး ထောက်ခံကြတဲ့နောက် တက္ကသိုလ် ကျောင်းထဲကို ပြန်သယ်လာကြပါတယ်။
ဦးသန့် ဂူဗိမာန်ရရှိရေး (တို့အရေး)၂
ကျောင်းသားသံဃာညီညွတ်ရေး (တို့အရေး)၂
အလုပ်သမား ကျောင်းသားညီညွတ်ရေး (တို့အရေး)၂
ကြွေးကြော်သံတွေ အော်ပြီး လာကြတဲ့ ကျောင်းသား၊ ရဟန်း၊ အလုပ်သမား လူတန်းကြီးဟာ ကျိုက္ကဆံကွင်းကနေ ရန်ကုန် တက္ကသိုလ် အဓိပတိလမ်းအထိ ရှည်ကြောင်း ကျောင်းသားဟောင်းတွေက ပြောပါတယ်။
ဦးသန့်ရဲ့ရုပ်ကလာပ် ဘွဲ့နှင်းသဘင်ခမ်းမ စင်မြင့်ပေါ်မှာ ထားလိုက်တယ်။ အာဏာသိမ်းစစ်အစိုးရ မဆလဟာ ဒီမိုကရေစီ အစိုးရ မဟုတ်ကြောင်း တရားဟောပွဲတွေ လုပ်ကြပါတယ်။ ဦးသန့်ဗိမာန်ဆောက်လုပ်ရေး ဈာပနကိစ္စအတွက် အလှူငွေ လက်ခံရာမှာ ငွေသားနဲ့ လက်စွပ်၊ လက်ကောက်တွေ လှူကြသူတွေ ရှိခဲ့ပါတယ်။ ရုပ်ရှင်မင်းသား ကျော်ဟိန်းကိုယ်တိုင် ၂ ကျပ်သား ရွှေဆွဲကြိုး ချွတ်လှူသွားခဲ့တာကို အဲ့ဒီအချိန်က နဖူးစည်းနီနဲ့ လုံခြုံရေးတာဝန်ကျ သင်္ချာပထမနှစ်ကျောင်းသား ဦးရောဘတ်စန်းအောင်က ပြောပြပါတယ်။ ဒီဇင်ဘာ ၆ ရက်နေ့မှာ ဦးသန့်ကို ထိုက်တန်တဲ့ နေရာမှာ ဗိမာန်ဆောက်ပေးဖို့ မဆလ နိုင်ငံတော်ကောင်စီ ကို ကျောင်းသားတွေက အကြောင်းကြားခဲ့ပေမဲ့ ညနေ ၄ နာရီအထိ အကြောင်းမပြန်လို့ ဈာပနကိစ္စကို ကျောင်းသားတွေကပဲ စီစဉ်လိုက်ပါတယ်။
“ဒီဇင်ဘာ ၁၁ ရက် ကျောင်းသားများ ပစ်ခတ်ဖမ်းဆီးသောနေ့”
၁၉၇၄ ဒီဇင်ဘာ ၅၊ ၆၊ ၇ ရက်တွေမှာ မဆလအစိုးရက တက္ကသိုလ်ထဲ ဝင်မဖမ်းသေးပါ။ ဒါပေမဲ့ အလောင်းကိုတော့ ဝင်လုပါ တယ်။ ပန်းပဲတန်းမြို့နယ် ယူနစ် ဥက္ကဋ္ဌ ဗိုလ်ကြီးဘကြည်နဲ့အဖွဲ့က ဝင်လုပါတယ်။ ကျောင်းသားတွေက ပြန်လုပြီး ကာကွယ် နိုင်ခဲ့ပါတယ်လို့ အဲ့ဒီအချိန်က ကျောင်းသားတဦးဖြစ်တဲ့ ဆရာစံဇာဏီဘိုက ပြောပါတယ်။ ဆရာ စံဇာဏီဘိုဟာ ဦးသန့်ဂူကို ကာကွယ်ရင်း ဒီဇင်ဘာ ၁၁ ရက် မနက်မှာ မျက်လုံး ၁ လုံး ဆုံးရှုံးခဲ့သူပါ။ ဒီဇင်ဘာ ၇ ရက်မှာ အစိုးရက ကန်တော်မင်ပန်းခြံမှာ ဦးသန့် အတွက် နေရာပေးကြောင်း မိသားစုကဆင့် ပြောလာပါတယ်။ ဒါပေမဲ့ ကျောင်းသားတွေက လက်မခံပဲ ၁၉၆၂ ခုနှစ် ဇူလိုင် ၈ ရက်က မိုင်းခွဲဖြိုဖျက်ထားတဲ့ တကသ ကျောင်းသားသမဂ္ဂ အဆောက်အဦဟောင်းနေရာမှာ ၁၉၇၄ ဒီဇင်ဘာ ၈ ရက်မှာ ဂူသွင်းလိုက်ကြပါတယ်။ ဒီလို ဂူသွင်းသင်္ဂြိုဟ်ပြီးတော့ လူနည်းသွားချိန် ၁၉၇၄ ခုနှစ် ဒီဇင်ဘာ ၁၁ ရက် မနက် ၂ နာရီမှာ စစ်ကားတွေနဲ့ အဓိပတိလမ်း တံခါးမကြီးကို ဆွဲဖွင့်ပြီး ဝင်ရောက်ပစ်ခတ် ရိုက်နှက် ဖမ်းဆီးခဲ့ကြတာပါ။ အဲ့ဒါ ဦးသန့် အရေးအခင်းပါ။ သေဆုံး၊ ဒဏ်ရာရခဲ့ကြတာပါ။ ဆရာစံဇာနည်ဘိုက မြန်မာပို့စ်ဂျာနယ်အင်တာဗျူးမှာ ခုလို ပြောပါတယ်။
“အဲ့ဒီည ပစ်တဲ့သူတွေက ကြားထဲကို ဝင်ပစ်တာ။ ပြီးတော့ ဒီလိုရိုက်တာ။ (မာန်ပါပါနဲ့ သေနတ်ဒင်နဲ့ ရိုက်တဲ့ ပုံစံမျိုးလုပ်ပြ။) လက်နဲ့ မထိုးဘူး။ ဒင်နဲ့ ရိုက်တာ။ ပြီးတော့ တရွတ်တိုက် ဆွဲခေါ်သွားတယ်။ ကားပေါ် တရွတ်တိုက် ဆွဲပြီး ပြစ်တင်တယ်။ အချုပ်ကားပေါ် ရွဲပလဲပြီးတော့ ပါသွားတာ။ သေနတ်မှန်တဲ့သူတွေကို ခွဲထုတ်ထားတယ်။ နောက် ရေကြည်အိုင်ပို့လိုက်။ စစ်လိုက်။ နောက်ထောင်ကျတာ။ ကျနော့်မျက်လုံးကတော့ ဦးသန့်ဂူကို ကာကွယ်တုန်း ထွက်သွားတာ။ ငယ်ထိပ်လည်း ထိတယ်။ သေရာပါပဲ။“ (ဓာတ်ပုံထိန်ဝင်း၏ ၁၉၇၄ ခု၊ ဦးသန့် အရေး အခင်းတိုက်ပွဲဝင် သူများ၏ သမိုင်းမှတ်တမ်းစာအုပ်မှ)
မျက်မြင် ကြုံတွေ့သူတွေ အပြောအရ ဦးသန့်အရေးတော်ပုံမှာ သေဆုံးသူဦးရေ ၁၀၀ ကျော်နိုင်တယ်လို့ ဆိုကြပါ တယ်။ စုစုပေါင်း အဖမ်းခံရသူ ၇၀၀၀ ကျော်ရှိပြီး၊ ခေါင်းဆောင် စာရင်းဝင် ၅၂ ဦးကို ထောင် ၃ နှစ်ကနေ ၁၀ နှစ်အထိ ချခဲ့ပါ တယ်။ ဦးသန့်အရေးအခင်း ခေါင်းဆောင်တဦးဖြစ်တဲ့ ဆလိုင်းတင်မောင်ဦးဆိုရင် မသေမချင်း ကြိုးပေးသတ်ခံခဲ့ရပါတယ်။ ဦးသန့် ဂူဗိမာန်ကိုတော့ ရွေတိဂုံတောင်ဖက်မုဒ် ကန်တော်မင်ပန်းခြံမှာ လုပ်ပေးခဲ့ပါတယ်။
“ဦးသန့်သပိတ်သီချင်း”
ရေး- အမည်မသိ၊ ဆို- ကိုမြတ်သူ
( ခြေဆင်း ) ထောင့်ကိုးရာခြောက်ဆယ့်နှစ် -သမိုင်းရေး သွေးမတိတ်မီ – လွန့်လူးလို့ – နိုးထလာချေပြီ။
( ဒို့ကျောင်းသားများ စောင့်မျှော်ခဲ့သည် xအခွင့်အရေးကိုရရှိခဲ့သည် x တကမ္ဘာလုံးလေးစားရတဲ့ x ဦးသန့်ဈာပန အကြောင်းပြလို့အတည် x၇၄ ဒီဇင်ဘာ မဖြေသာအကြောင်းတရားက ဇတ်လမ်း စေလေပြီx ငြိမ်းချမ်းရေးကို ဖက်တွယ်ခဲ့သူ x စစ်အုပ်စုကို ဆန့်ကျင်ခဲ့သူ x ဦးသန့်လိုလူ ရာဇဝင်ထူးလို့ အာဏာရူးတို့ ရန်စမီးပျိုး အညှိုးထားခဲ့သည်။) ၂
(လူသာမန်လို ဆက်ဆံခဲ့သည် ×ဒို့ပြည်သူ အများစုနဲ့ ကျောင်းသားထုက မခံမရပ်နိုင်ပြီ x ထိုက်တန်စွာ ဦးညွှတ်ရမည် ထိုက်တန်စွာ ဂုဏ်ပြုရမည် x ဒို့ဗမာတွေ သိက္ခာမနွမ်းရအောင် x ကျောင်းသား ခေါင်းဆောင်တင်မောင်ဦးက ဦးဆောင်စခဲ့ပြီ x အဓိပတိလမ်းပေါ်မှာ ခွပ်ဒေါင်းတွေစုဝေးလို့ x စစ်အုပ်စုဆန့်ကျင်ရေးနဲ့ ဂူဗိမာန် ဖြစ်မြောက်ရေး ဆုံးဖြတ်ခဲ့ကြသည်× ကျောင်းသားပြည်သူ ပေါင်းစုဝေးလို့ × ဈာပနအခမ်းအနားကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပလေပြီ × သမဂ္ဂအဆောက်အဦး မြေပြင် ကမ္ဘာ့ရဲ့ ခေါင်းဆောင်ကြီး လဲလျောင်းအိပ်စက်နေရန်ရွယ်ရည်) ( ၂ )
(ဂူဗိမာန်ကြီးတည်ဆောက်ကြပြီ × ပြည်သူများနဲ့ ပေါင်းစည်းလို့ညီ ×ခွပ်ဒေါင်းဇာနည် × ဘာမထီသွေးတို့ × ပြည်သူရေးတွက် ရှေ့သို့လှမ်းတက်ချီ × အယုတ်တမာ အာဏာရူးတွေက × လူသားမဆန် မောင်းပြန်သေနပ်များနဲ့ ပစ်ခတ်ဖြိုခွင်း ဖြေရှင်းခဲ့လေပြီ × ကမ္ဘာမကျေနိုင်ပြီ တက္ကသိုလ် မြေမဟီ ခွပ်ဒေါင်းသွေးတို့ နီရဲခဲ့ကြပြီ။
(ဘယ်လိုပင် သတ်ကြပါစေ ဒို့မသေ ×ဘယ်လိုပင် ဖြိုခွင်းပါစေ ဒို့မမှုပေ × ခွပ်ဒေါင်းသွေး သံဓိဋ္ဌာန် ဒူးထောက်လို့ အညံ့မခံဘူးဟေ ×အရိုးကျေကျေ အရေခမ်းခမ်း ×မကြောက်တမ်း မရွံ့တမ်း သွေးလမ်းကို ဖြတ်ချီလှမ်းမည်×ညီ ညီ ညီ ညီ × ချီ ချီ ချီ ချီ ခေတ်ဟောင်းဖြိုဖျက်×တိုက်ပွဲဆက်ကြမည်။)
“ဦးသန့်ဈာပန အရေးအခင်း သုံးသပ်ချက်”
ဦးသန့်အရေး ကျောင်းသားတဦးဖြစ်သူ ဦးမောင်မောင်တိတ်ဟာ ထောင် ၅ နှစ်ကျခဲ့တယ်။ ၈၈၈၈ မှာပါခဲ့ပြီး နောက်ပိုင်း ABSDF ခေါင်းဆောင်တဦးဖြစ်လာတယ်။ သူပြောပြခဲ့တာက ကျောင်းသားတွေ တိုက်ပွဲမဝင်ရင် ဦးသန့်ကို ကြံတောမှာ စုတ်စုတ်ပြတ်ပြတ်နဲ့ ဂူသွင်းထားလိုက်ပြီး နောက်ပိုင်း ကြံတောသင်္ချိုင်းဖျက်လိုက်တာနဲ့ ပျောက်ကွယ်သွားမှာတဲ့။ အခုလို တိုက်ပွဲဝင်ခဲ့ကြတာကြောင့်သာ ကန်တော်မင်ပန်းခြံမှာ ဦးသန့်ကိုယ်တိုင်ကလည်း လေးစားတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ဂူဘေးမှာ လဲလျောင်းခွင့် ရတာ ဖြစ်တယ်တဲ့။ ဦသန့်အရေးအခင်းက ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ KNU ရောက် (ဗိုလ်ကြီး) စောလှငွေကလဲ အလားတူ သုံးသပ်ပြခဲ့ဘူးပါတယ်။ ကျန် ဦးသန့်အရေးအခင်း ကျောင်းသားတွေကလဲ အလားတူ ပဲ “ဦးသန့်သပိတ် မရှိခဲ့ရင် ဦးသန့်ဂူဗိမာန်ဆိုတာ မရှိဘူးလို့” ပြောကြပါတယ်။
“ဦးသန့်သပိတ် သတ္တိစိတ် အတိတ်သမိုင်းပါ”
ဦးသန့်ဆိုတာ၊ တို့ဗမာကို
ကမ္ဘာကျော်စေခဲ့သူပါ။
ဦးသန့်အရေး၊ ခွန်နစ်ဆယ့်လေး
စုဝေးကြတာ၊ ဒီဇင်ဘာ
ရန်ကုန်တက္ကသိုလ်မှာ။
တိုက်ပွဲမဝင်၊ ကြံတောတွင်
မထင်မရှား မြှုပ်နှံမှာ။
တိုက်ပွဲဝင်က၊ ဗိမာန်ရ
နောင်တမရပါ။
သွေးမြေကျခံ၊ တိုက်ပွဲမှန်
ထင်ကျန်သမိုင်းမှာ။ ။
ဓာတ်ပုံထိန်ဝင်းရဲ့ဦးသန့်အရေးခင်းစာအုပ်ဖတ်ပြီးရေးမိပါတယ်။
အခုဆိုရင် ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲ ဝှဲချီး ကျင်းပနေချိန်ပါ။ သတင်းစာတွေမှာ တက္ကသိုလ် နှစ် ၁၀၀ ကာလအတွင်း သတိရအောက်မေ့ဖွယ် ဆောင်းပါးတွေ ဝေဝေဆာဆာ ဖော်ပြ နေကြပါတယ်။ ဒီလိုပဲ တက္ကသိုလ်မှာ ဗုံးခွဲခံခဲ့ရတဲ့ သမိုင်းဝင် တကသ အဆောက်အဦကြီး ပြန်ဆောက်ဖို့ အကြောင်းနဲ့ ဆဲဗင်း ဇူလိုင် အရေးတော်ပုံအကြောင်းတွေ ဖော်ထုတ်သင့်ပါတယ်။ အလားတူပဲ ၄၆ နှစ်ပြည့် သမိုင်းဝင် ဦးသန့်ဈာပန အရေးတော်ပုံသမိုင်းကိုလည်း ပိုပြီး တိတိကျကျ ဖော်ထုတ် တင်ပြသင့်တဲ့ အချိန်ပါဗျာ။ ။
ဆောင်းပါး-မောင်တူး
Photo- Htein Win