ကိုဗစ်-၁၉ လူနာသစ် ၁၅၂၇ ဦးတွင် ရန်ကုန်က ၈၄၈ ဦး၊ မန္တလေးက ၂၆၈ ဦးဖြင့် အများဆုံးတွေ့ရှိ
DVB
·
December 6, 2020
မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁၅၂၇ ယောက်ထဲမှာ ရန်ကုန်တိုင်း က ၈၄၈ ယောက်၊ မန္တလေးတိုင်းက ၂၆၈ ယောက်နဲ့ အများဆုံးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ၅ နာရီ ထုတ်ပြန်ပါတယ်။
ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မင်္ဂလာဒုံနဲ့ လှိုင်သာယာက အယောက် ၈၀ စီ၊ သာကေတက ၅၄ ယောက်၊ သင်္ဃန်းကျွန်းက ၄၉ ယောက်၊ ရွှေပြည်သာက ၄၄ ယောက်စီနဲ့ အများဆုံး တွေ့ရှိခဲ့ပြီး စုစုပေါင်း ၄၂ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ် ၂၁ မှာ ၂၆၈ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၆ ခုမှာ ၆၉ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၉ ခုမှာ ၂၆ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၅ ခုမှာ ၈၆ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၁၀ ခုမှာ ၈၄ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၇ ခုမှာ အယောက် ၅၀၊ မကွေးတိုင်းမြို့နယ် ၁၂ ခုမှာ ၃၃ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၄ ခုမှာ ၆ ယောက်၊ ကချင်ပြည်နယ်မြို့နယ် ၂ ခုမှာ ၈ ယောက်၊ တနင်္သာရီတိုင်းမြို့နယ် ၅ ခုမှာ ၁၇ ယောက်၊ နေပြည်တော် မြို့နယ် ၅ ခုမှာ ၁၄ ယောက်၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ၁ ယောက်၊ ကရင်ပြည်နယ် မြိဝတီမြို့မှာ ၁၇ ယောက်စီ အသီးသီး တွေ့ရှိခဲ့ပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၂၁၉ ယောက် ပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၅ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၉၈၀၄၇ ယောက်၊ သေဆုံးသူ ၂၀၈၁ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၇၆၃၈၂ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၆ ဒသမ ၉ သန်းကျော်၊ သေဆုံးသူ ၁ သန်းခွဲကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၄၆ ဒသမ ၂ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။