တနိုင်ငံလုံး ကိုဗစ်-၁၉ ပိုးတွေ့လူနာ ထောင်ချီကူးစက်ခံ မြို့နယ် ၃၀ ထိ ရှိလာ
DVB
·
December 5, 2020
မြန်မာတနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ထောင်ချီကူးစက်ခံမြို့နယ် ၃၀ ထိ ရှိလာခဲ့ပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အဆိုပါ မြို့နယ် ၃၀ ထဲမှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်ပေါင်း ၂၅ မြို့နယ်၊ မန္တလေးတိုင်းက ၃ မြို့နယ်၊ ရခိုင်ပြည်နယ်က ၁ မြို့နယ်နဲ့ ပဲခူးတိုင်းက ၁ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။
အဲဒီထဲမှာ ပိုးတွေ့လူနာ ၄,၀၀၀ ကျော်တဲ့ မြို့နယ် ၃ ခု၊ ၃,၀၀၀ ကျော်တဲ့ မြို့နယ် ၃ ခု၊ ၂,၀၀၀ ကျော်တဲ့ မြို့နယ် ၆ ခုနဲ့ ၁,၀၀၀ ကျော်တဲ့ ၁၈ ခု ပါဝင်နေတာ ဖြစ်ပါတယ်။
ပိုးတွေ့လူနာ ၄,၀၀၀ ကျော်နဲ့ ရောဂါကူးစက်မှုအများဆုံးမြို့နယ် ၃ ခုကတော့ ရန်ကုန်တိုင်း မြောက်ဥက္ကလာပ၊ မင်္ဂလာဒုံနဲ့ လှိုင်သာယာမြို့နယ်တွေဖြစ်ပြီး ၄,၇၉၉ ယောက်၊ ၄၇၅၇ ယောက်နဲ့ ၄,၀၁၈ ယောက်စီ အသီးသီး ကူးစက်ခံထားရပါတယ်။
ပိုးတွေ့လူနာ ၃,၀၀၀ ကျော်တဲ့ မြို့နယ် ၃ ခုကတော့ ရန်ကုန်တိုင်းမြို့နယ်တွေဖြစ်တဲ့ အင်းစိန်၊ သင်္ဃန်းကျွန်း၊ မရမ်းကုန်းမြို့နယ်တွေဖြစ်ပြီး ပိုးတွေ့လူနာဦးရေ ၃,၇၆၁ ယောက်၊ ၃,၆၄၁ ယောက်၊ ၃,၀၅၅ ယောက်စီနဲ့ အသီးသီး ကူးစက်ခံထားရပါတယ်။
ပိုးတွေ့လူနာ ၂,၀၀၀ ကျော်တဲ့ မြို့နယ်တွေအနေနဲ့ ရန်ကုန်တိုင်းမြို့နယ် ၆ ခုဖြစ်တဲ့ ရွှေပြည်သာ၊ လှိုင်၊ တာမွေ၊ တောင်ဥက္ကလာပ၊ သန်လျင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွေက ပိုးတွေ့လူနာဦးရေ ၂,၉၄၃ ယောက်၊ ၂,၅၁၁ ယောက်၊ ၂,၄၆၄ ယောက်၊ ၂,၄၆၁ ယောက်၊ ၂,၄၂၉ ယောက်၊ ၂,၃၃၁ ယောက်စီနဲ့ အသီးသီး ကူးစက်ခံထားရတာပါ။
အဲဒီမြို့နယ်တွေနောက်မှာတော့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁,၀၀၀ ကျော်ရှိတဲ့ မြို့ နယ်တွေအနေနဲ့ ရန်ကုန်တိုင်းမြို့နယ် ၁၃ ခုဖြစ်တဲ့ ကမာရွတ်၊ သာကေတ၊ ကြည့်မြင်တိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ စမ်းချောင်း၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ မှော်ဘီ၊ ဒလ၊ ဗဟန်း၊ လမ်းမတော်၊ ရန်ကင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွေ ပါဝင်နေတာပါ။
ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေထဲက ပိုးတွေ့လူနာ ၁,၀၀၀ ကျော်ရှိလာတဲ့ မြို့နယ် ၅ ခုရှိလာပြီဖြစ်ကာ အဲဒီမြို့နယ်တွေကတော့ မန္တလေးတိုင်းမြို့နယ် ၃ ခုဖြစ်တဲ့ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ အောင်မြေသာစံမြို့နယ်၊ ပဲခူးတိုင်းမြို့တော် ပဲခူးမြို့နဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့တို့ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ မတ် ၂၃ ရက်ကစတင်တွေ့ရှိခဲ့တာဖြစ်ပြီး တကျော့ပြန်ကူးစက်မှုတွေနဲ့ အချိန် ၈ လကျော်ရှိ လာခဲ့ချိန်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပိုးတွေ့လူနာအရေအတွက် ၉၆,၀၀၀ ကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီဇင်ဘာ ၄ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ တနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း ၉၆,၅၂၀ ယောက်၊ သေဆုံးသူ ၂,၀၅၉ ယောက်နဲ့ ပိုးတွေ့ပြန်လည်သက်သာလာသူပေါင်း ၇၄,၉၇၃ ယောက် ရှိနေပါတယ်။
ပြည်နယ်နဲ့ တိုင်းအလိုက်ကြည့်မယ်ဆိုရင်တော့ ရန်ကုန်တိုင်းက လူနာအရေအတွက် ၇၀,၀၀၀ နီးပါး ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ပိုးတွေ့လူနာ အများဆုံးဖြစ်ကာ ဒုတိယနေရာမှာတော့ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းတွေက ပိုးတွေ့လူနာ ၆,၀၀၀ ကျော်နဲ့ ၅,၀၀၀ ကျော်စီ ရှိနေတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုဟာ တကမ္ဘာလုံးကပ်ရောဂါအသွင်ဆောင်လာခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၆၆ သန်းကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၁ သန်းခွဲကျော်နဲ့ ရောဂါပျောက်ကင်းသက်သာသူ စုစုပေါင်း ၄၅ ဒသမ ၈ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။