တပ်မတော်က တရားစွဲထားသည့် ဗကသ ကျောင်းသား ကိုဇေယျာလွင်ကို ဒုတိယအကြိမ်ရုံးထုတ်
DVB
·
December 4, 2020
တပ်မတော်က ဆက်သွယ်ရေး ဥပဒေ ၆၆ (ဃ)နဲ့ တရားစွဲထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်ကို ဒီဇင်ဘာလ ၄ ရက်နေ့က ဧရာ၀တီတိုင်း၊ မအူပင်မြို့နယ်တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးပါတယ်။
ဒီနေ့ တရားခွင်မှာ တရားလို ဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး သက်နိုင်ဝင်းနဲ့ တရားလိုဘက်မှ သက်သေ ဗိုလ်ကြီး ရဲနောင် တို့ နှစ်ဦးကိုစစ်ဆေးခဲ့ပြီး ဒီဇင်ဘာလ ၇ ရက်နေ့မှာ ပြန်လည်စစ်ဆေးဖို့ ရုံးချိန်း ပြန်လည်ချိန်းဆိုခဲ့ ပါတယ်။
ရုံးချိန်းမှာ တရားလိုဘက်က ပထမ တင်သွားထားတဲ့ သက်သေတွေထဲက သံချပ်အဖွဲ့ဝင် ၅ ဦး၊ ရဲစခန်းမှူး ၁ ဦး၊ တပ်မတော်အရာရှိ ၂ ဦး စုစုပေါင်း ၈ ဦးအား သက်သေအဖြစ်မှ ပယ်ဖျက် ခဲ့တယ်လို့ သိရပါတယ်။ ဒုတိယအကြိမ်ရုံးထုတ်စစ်ဆေးအပြီးမှာတော့ ကိုဇေယျာလွင်ကို မအူပင်မြို့မရဲစခန်းသို့ပို့ဆောင်ခဲ့ တယ်လို့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ ၂၀၁၉ ခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းနဲ့ ဧရာ၀တီတိုင်းအတွင်းက မြို့နယ်တွေမှာ သံချပ်တွေလှည့်လည်ဖျော်ဖြေခဲ့တာနဲ့ပတ်သက်ပြီး နိုင်ငံတော် အကြည်ငြိုပျက်စေမှုအပါအ၀င် ဆက်သွယ်ရေးဥပဒေတွေနဲ့ အကြိမ်ကြိမ် တရားစွဲခံခဲ့ရတာလည်း ဖြစ်ပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - အောင်မြသန်း (မအူပင်)