Home
အနုပညာ
လွမ်ပရာဗန်ရုပ်ရှင်ပွဲတော်ရောက် “မီ”၊ “သူစိမ်းအိမ်”နှင့် အာရှရုပ်ရှင်များ အွန်လိုင်းက ကြည့်ရှုနိုင်
DVB
·
December 4, 2020
Untitled-1
ဒေသတွင်း ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ လွမ်ပရာဗန်ရုပ်ရှင်ပွဲတော်-Luang Prabang Film Festival ကို ဒီကနေ့ စတင်ကျင်းပနေပြီး အဲဒီပွဲတော်မှာ ပါဝင်ပြသဖို့ ရွေးချယ်ခံ ထားရတဲ့ မြန်မာရုပ်ရှင်ကားတွေအပါအဝင် တခြားရုပ်ရှင်ကားတွေကိုပါ အွန်လိုင်းက ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ရွေးချယ်ခံရတဲ့ ရုပ်ရှင်ကားတွေထဲမှာတော့ နာမည်ကြီး ရုပ်ရှင် ကားတွေဖြစ်တဲ့ ဒါရိုက်တာ ဏကြီးရိုက်ကူးတဲ့ “မီ”၊ ဒါရိုက်တာ ထူးပိုင်ဇော်ဦးရိုက်ကူးတဲ့ “သူစိမ်းအိမ်”ရုပ်ရှင်တွေအပါအဝင် ရုပ်ရှင်ဇာတ်လမ်းတိုကဏ္ဍမှာတော့ ဒါရိုက်တာ ညီ ဇော်ထွေးရဲ့ “အိပ်တန်းပြန်ငှက်”နဲ့ ဒါရိုက်တာ ဇော်ဘိုဘိုဟိန်းရဲ့ “လူနာ”ရုပ်ရှင်တွေ ပါ ဝင်နေတာပါ။ လွမ်ပရာဗန်ရုပ်ရှင်ပွဲတော်မှာတော့ အရှေ့တောင်အာရှနိုင်ငံတွေက ရုပ်ရှင်ဇာတ် ကား ၂၄ ကား ပါဝင်မှာဖြစ်ပြီး အခုနှစ်ကတော့ ကိုဗစ်-၁၉ အခြေအနေတွေကြောင့် အွန်လိုင်း ရုပ်ရှင်ပွဲတော် အနေနဲ့ ကျင်းပနေတာ ဖြစ်ပါတယ်။ “မီ”ရုပ်ရှင်ကားကတော့ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ နာမည်ကြီး စာရေးဆရာမကြီး ကြည်အေးရဲ့ ဝတ္ထုကို ဒါရိုက်တာ ဏကြီးက ကိုယ်တိုင်ဇာတ်ညွှန်းခွဲ၊ ကိုယ်တိုင်ရိုက်ကူး ထားတာဖြစ်ပြီး Victoria Film Production က တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၅၀ ပြည့်လွန်ကာလကို အခြေတည်ရေးဖွဲ့ထားတဲ့ ဒီဇာတ်လမ်းဟာ နားလည်ရခက်တဲ့ မီ ဆိုတဲ့ မိန်းကလေးတယောက်ကြောင့် ယောကျ်ားတွေ အရူးအမူးဖြစ်ကြတဲ့ အကြောင်း၊ ချစ်တဲ့စိတ် တဖက်၊ သံသယစိတ်တဖက်နဲ့ မီကို လက်ထပ်ယူခဲ့တဲ့ အမျိုးသားတယောက်အကြောင်းကို တင်ပြထားခဲ့တာပါ။ ဒီကားထဲမှာတော့ အဲဒီခေတ်ကလို အပြင်အဆင်တွေ၊ အထူးပြုလုပ်မှုတွေနဲ့ ရုပ်ရှင်အဖြစ် ပုံပေါ်လာအောင် ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ အဓိကဇာတ်ကောင် မီ နေရာမှာ သရုပ်ဆောင်မင်းသမီး ပိုင်ဖြိုးသုက ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ သရုပ်ဆောင်မင်းသားတွေဖြစ်ကြတဲ့ နေတိုး၊ နေတိုး၊ ရဲအောင်၊ မင်းဦး၊ သားညီ၊ အောင်ရဲထိုက်တို့က အတွဲညီညီ တွဲဖက်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ “မီ” ရုပ်ရှင်ကားဟာ မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုနဲ့ လွဲချော်ခဲ့ပေမယ့် အာဆီယံ အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်နဲ့ ထူးချွန်ဆု (Asean International Film Festival & Awards–AIFFA) ဆန်ခါတင်စာရင်းမှာ အကောင်းဆုံးဇာတ်ကားဆု၊ ဓာတ်ပုံဆုနဲ့ အကောင်းဆုံး သရုပ်ဆောင် မင်းသမီးဆုတွေအတွက် ဆု ၃ ဆုနဲ့ ဆန်ခါတင်စာရင်း ပါဝင်ခဲ့ပြီး အကောင်းဆုံး ဒါရိုက်တာဆု ရရှိခဲ့တာ ဖြစ်ပါတယ်။ သိပ်မကြာခင်ကလည်း မီရုပ်ရှင်ဟာ ယူကေနိုင်ငံ၊ ဝေးလ်စ်မှာ ကျင်းပမယ့် Cardiff International Film Festival နဲ့ စပိန်နိုင်ငံ၊ Lleida မြို့မှာ ကျင်းပမယ့် Lleida Visual Art ရုပ်ရှင်ပွဲတော် ၂ ခုမှာ Official Selection အနေနဲ့ ပြသဖို့ ရွေးချယ်ခံခဲ့ရပါသေးတယ်။ Good Old Days ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ခမ်းမွန်ရဲ့ ဇာတ်ညွှန်းကို လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ရိုက်ကူးပုံဖော်ခဲ့တဲ့ ‘သူစိမ်းအိမ်’ကတော့ သာမန် မြင်တွေ့နေကျမဟုတ်တဲ့ အလှည့်အပြောင်း ဇာတ်လမ်းအချိုးအကွေ့တွေနဲ့ ပရိသတ်တွေ အားပေးမှု ရရှိခဲ့တဲ့ ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။ သွေးပျက်ထိတ်လန့်စရာ ဇာတ်ဝင်ခန်းတွေနဲ့ ဘာတွေများ ဆက်ဖြစ်လာမလဲ ရယ်လို့ ရင်တထိတ်ထိတ်နဲ့ ပုံဖော်ထားခဲ့တဲ့ ဒီကားထဲမှာတော့ သရုပ်ဆောင်မင်းသမီး ဖွေးဖွေး၊ လူမင်း၊ ထွန်းအိန္ဒြာဗို၊ လင်းဇာနည်ဇော်တို့နဲ့အတူ လူငယ်သရုပ်ဆောင်သစ် တွေဖြစ်ကြတဲ့ မြတ်နိုးအေး၊ ကူးကူးဇင်အောင်၊ ချာလီ စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားဟာ အာရှဒေသတွင်း အနုပညာထူးချွန်ဆုပေးပွဲတခုဖြစ်တဲ့ Asian Academy Creative Awards ရဲ့ နိုင်ငံအလိုက် National Winners ဆုရ ဆန်ခါတင်စာရင်းမှာ အကောင်းဆုံးဇာတ်ကား၊ ဒါရိုက်တာနဲ့ ဇာတ်ပို့အမျိုးသမီးသရုပ် ဆောင်ဆု ၃ ခု ပါဝင်နေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီကားတွေအပါအဝင် တခြားရုပ်ရှင်ကားတွေကို  ရုပ်ရှင်ပွဲ တော်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ဒ်စာမျက်မှာ- https://www.lpfilmfest.org/2020-festival/မှာ ဒီကနေ့ကစ တင်ပြီး လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013