ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် မန်းရွှေစက်တော်ဘုရားပွဲ မကျင်းပနိုင်
DVB
·
December 4, 2020
ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိတဲ့ မန်းရွှေစက်တော်ဘုရားပွဲတော်ကို ကျင်းပနိုင်တော့မှာမဟုတ်ဘဲ ခြေတော်ရာဖွင့်ပွဲကိုတော့ အကျဉ်းချုံး ပြုလုပ်သွားမယ်လို့ ဂေါပကအဖွဲ့ကနေ သိရပါတယ်။
မန်းရွှေစက်တော်ဘုရား ဂေါပက အတွင်းရေးမှူး ဦးခင်မောင်စိုးက " ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် မန်းရွေစက်တော် ဘုရားပွဲတော်ကို ပြီးခဲ့တဲ့နှစ်ကလည်း ပွဲတော်ကာလတစ်ဝက်နဲ့ ရပ်နားလိုက်ရပြီးတော့ အခုနှစ်မှာလည်း ကျင်းပနိုင်တော့မှာမဟုတ်ဘူးလို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က သြဝါဒဆရာတော်ကြီးတွေကို လျှောက်ထားခဲ့တယ်” လို့ ပြောပါတယ်။
ဘုရားပွဲတော်မကျင်းပဖြစ်ပေမဲ့ ခြေတော်ရာဖန်အုပ်ဆောင်း ဖွင့်ပွဲနဲ့ ပိတ်ပွဲတွေကို အကျဉ်းချုံး ပြုလုပ်မှာဖြစ်ပြီးတော့ ဘုရားဖူးမြော်ခွင့်ကိုတော့ အစိုးရအဖွဲ့နဲ့ ကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်ရရှိမှသာ ခွင့်ပြုမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တစ်နှစ်တစ်ကြိမ် လဲလှယ်နေကျ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင် နေရာတွေကိုလည်း မူလနေရာတွေအတိုင်းထားရှိမယ်လို့ သိရပါတယ်။
မန်းရွှေစက်တော်ဘုရားပွဲကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့ကနေ မြန်မာ နှစ်ဆန်း(၁)ရက်အထိ ကျင်းပလေ့ရှိပြီး အနယ်နယ်အရပ်ရပ်က ဘုရားဖူး ခရီးသွားတွေ လာရောက်ကြပြီး စည်ကားသိုက်မြိုက်တဲ့ ရက်ရှည်ကျင်းပတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။
မင်းထီး