ပုသိမ်တွင် ကိုဗစ်ဆေးစစ်ချက်အတုကိုင်ဆောင်သည့် ကုန်တင်ယာဉ်မောင်း ၁ ဦးကို စစ်ဆေးတွေ့ရှိ
DVB
·
December 2, 2020
ရန်ကုန်မှ ပုသိမ်မြို့သို့ မောင်းနှင်တဲ့ ကုန်တင်ကားတစ်စီးရဲ့ ယာဉ်မောင်းတစ်ဦးမှာ ဆေးလက်မှတ်အတု တွေ့ရှိရတဲ့အတွက် အရေးယူဖို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရသို့ တင်ပြထားတယ်လို့ ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာအေးက ပြောပါတယ်။
နိုဝင်ဘာ ၃၀ ရက်ညက ရန်ကုန်မှ ပုသိမ်သို့ ဦးမိုးဆက်အောင် မောင်းနှင်လာတဲ့ ကုန်ကားကို ပုသိမ်မြို့ဝင်စစ်ဆေးရေးဂိတ်မှာ စစ်ဆေးရာမှာ မြို့နယ်ပြည်သူ့ကျန်းမာအရာရှိ လက်မှတ်အတုဖြစ်နေကြောင်းကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ပုသိမ်မြို့ဝင်စစ်ဆေးရေးဂိတ်မှာ တာဝန်ကျတဲ့ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌဦးသိန်းအောင်က “ဒါလေးကြည့်ပေးပါဆိုတော့ ကျနော်က ကြည့်လိုက်တာ စာရွက် screen ပြန်ဖတ်ပြီး၊ စာရွက်ပေါ်မှာ ဘောလ်ပင်နဲ့ကိုယ်သဘောနဲ့ကိုယ်ရေးထားပြီး ဒေါက်တာပြည့်ဖြိုးသွင် လက်မှတ်အတု ထိုးပေးထားတယ်။ ကျနော်တို့က ကြည့်လိုက်တာနဲ့ သိတယ်။ ဆေးစစ်ချက်စာရွက်ကို လိမ်လည်ပြီးဝင်လာတာ”လို့ ပြောပါတယ်။
ကုန်ကားတွေကို ဖြေလျော့ပေးလို့ရတာဆို ဖြေလျော့ပေးတယ်။ စာရွက်စာတမ်း လိမ်လည်တာ အန္တရာယ်အများကြီးရှိတယ်။ တကယ်လိုများ ကိုဗစ်ပိုးရှိတဲ့သူတယောက် စာရွက်စာတမ်းလိမ်လည်ပြီးဝင်သွားရင် မြို့ထဲမှာအများကြီး ထိတွေ့မှုတွေဖြစ်သွားနိုင်တယ်လို့ လည်း ဦးသိန်းအောင်က ပြောပါတယ်။
ဆေးစာရွက်အတုပြုလုပ်တဲ့ ကုန်တင်ယာဉ်မောင်းနဲ့ပတ်သက်ပြီး မြို့နယ်ကိုဗစ်ကော်မတီသို့ အကြောင်းကြားခဲ့ပြီး မြို့နယ်ကိုဗစ်ကော်မတီဥက္ကဋ္ဌက ဆက်လက်ဆောင်ရွက်နေကြောင်း သိရပါတယ်။ ဆေးလက်မှတ်အတုပြုလုပ်တဲ့ ယာဉ်မောင်းကို ပုသိမ်မြို့မရဲစခန်းမှာ ခေါ်ယူစစ်ဆေးနေပါတယ်။
ဧရာဝတီတိုင်းကိုလာရောက်တဲ့ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ကုန်တင်ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက်တွေကို ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ အခကြေးငွေနဲ့ မြို့ဝင်ဂိတ်တွေမှာ အောက်တိုဘာလမှ စတင်စစ်ဆေးနေတာ ဖြစ်ပါတယ်။
ဧရာဝတီတိုင်းမှာ အောက်တိုဘာမှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ကုန်တင်ယာဉ်မောင်း ၁၀,၈၄၅ ဦးကို စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့သူ ၁၅၆ ဦးအထိ ရှိကြောင်း သိရပါတယ်။
သတင်း - စည်သူမောင်မောင်