ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၃၄၄ ဦးတွေ့ရှိ၊ သေဆုံးသူ ၂၂ ဦး ထပ်တိုး
DVB
·
November 28, 2020
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ လူနာသစ် ၁၃၄၄ ယောက်နဲ့ သေဆုံးသူ ၂၂ ယောက် ထပ်တိုးလာတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသူ ၂၂ ယောက်ထဲမှာ ၁၈ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ နိုဝင်ဘာ ၂၇ ရက် ည ၈ နာရီမှ နိုဝင်ဘာ ၂၈ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၁၇၉၂၄ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၁၃၄၄ ယောက်ထပ်မံတွေ့ရှိခဲ့တာပါ။
လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာဒီနေ့ ဆေးရုံမှဆင်းခွင့်ရသူ ၁၆၁၆ ယောက်ရှိပြီး ပြည်သူ့ဆေးရုံတွေက ၆၄၆ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၉၇၀ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၁၂၉၄ ယောက်ကို နေအိမ်တွေမှာ အသွားအလာ ကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၂၈ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၈၇၉၇၇ ယောက်၊ သေဆုံးသူ ၁၈၈၇ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၆၇၅၈၈ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၂ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၄ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၄၂ ဒသမ ၈ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။