ကိုဗစ်လူနာသစ် ၁၄၂၈ ဦးတွင် ရန်ကုန်က ၈၆၅ ဦးဖြင့် အများဆုံးတွေ့၊ အနံ့မရသူ ၂၉၅ ဦးပါဝင်
DVB
·
November 28, 2020
မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁၄၂၈ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၈၆၅ ယောက်၊ မန္တလေးတိုင်းက ၂၁၂ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညနေ ၅ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မင်္ဂလာဒုံက ၈၂ ယောက်၊ သင်္ဃန်းကျွန်းက အယောက် ၇၀၊ ရွှေပြည်သာက အယောက် ၆၀ စီနဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ်ပေါင်း ၄၂ ခုပါဝင်နေတာ ဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ် ၁၉ ခုမှာ ၂၁၂ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၇ ခုမှာ ၁၉ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၁ မှာ ၁၂၃ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၄ ခုမှာ ၈၆ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၆ ခုမှာ အယောက် ၄၀၊ မကွေးတိုင်းမြို့နယ် ၅ ခုမှာ ၁၃ ယောက်၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ ၁ ယောက်၊ စစ်ကိုင်းတိုင်း မြို့နယ် ၆ ခုမှာ ၁၄ ယောက်၊ တနင်္သာရီတိုင်းမြို့နယ် ၄ ခုမှာ ၂၂ ယောက်၊ ကရင်ပြည်နယ်မြို့နယ် ၂ ခုမှာ ၁၀ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၈ ခုမှာ ၁၇ ယောက်၊ ကချင်ပြည်နယ်မြို့နယ် ၂ ခုမှာ ၄ ယောက်၊ ချင်းပြည်နယ်၊ တီးတိန်မြို့မှာ ၁ ယောက်၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ၁ ယောက်စီ အသီးသီးတွေ့ရှိခဲ့ပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၂၉၅ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၂၇ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူ နာစုစု ပေါင်း ၈၆,၆၃၃ ယောက်၊ သေဆုံးသူ ၁,၈၆၅ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၆၅,၉၇၂ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၂ သန်း ကျော်၊ သေဆုံးသူ ၁ ဒသမ ၄ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၄၂ ဒသမ ၈ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။