The Voice Myanmar သီချင်းဆိုပြိုင်ပွဲ LiveShow အဆင့် ပြိုင်ပွဲဝင် ၁၆ ဦးထွက်ပေါ်
DVB
·
November 26, 2020
လတ်တလော ထုတ်လွှင့်ပြသနေတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ စတုတ္ထအဆင့် Live Show ပြိုင်ပွဲကို ခုတပတ်က စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ တတိယအကြိမ်အဖြစ် ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လို သူတွေကိုတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ကတည်းက Online Audition လျှောက်လွှာတွေ ခေါ်ယူခဲ့တာပါ။
The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာတော့ Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့်စတဲ့ ပြိုင်ပွဲအဆင့်တွေကို ပြိုင် ပွဲဝင်တွေက အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိတာ ဖြစ်ပါတယ်။
ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲတခုဖြစ်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက် ဆုံရာ၊ The X Factor Myanmar စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေ ရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစုပါဝင်နေပြီး အကြိတ်အနယ် ရှိနေကြတာကို တွေ့ရပါတယ်။
အခုနှစ်ရဲ့ Season 3 မှာလည်း မနှစ်က Coach တွေဖြစ်ကြတဲ့ R. ဇာနည်၊ ရန်ရန်ချန်း၊ ကျားပေါက်နဲ့ နီနီခင်ဇော်တို့ကပဲ ပြန်လည်ပြီးတော့ ပါဝင်ခဲ့ကြကာ Blind Audition အဆင့်ပြိုင်ပွဲကနေ Team တခုစီအတွက် ပြိုင်ပွဲဝင် ၁၂ ယောက်စီ ရွေးချယ်ခဲ့ ကြတာ ဖြစ်ပါတယ်။
အဲဒီနောက် သက်ဆိုင်ရာ Coach တယောက်ချင်းစီရဲ့ Team တွေထဲက ၂ ယောက် တတွဲစီနဲ့ ဒုတိယအဆင့် Battle Round ပြိုင်ပွဲ၊ Team တခုစီက ၄ ယောက်တတွဲစီ ယှဉ်ပြိုင်ရတဲ့ တတိယအဆင့် KnockOut Round ပြိုင်ပွဲတွေ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။
လက်ရှိမှာတော့ Team တခုမှာ ပြိုင်ပွဲဝင် ၄ ယောက်စီနဲ့ ဒီအဆင့်ကို ဖြတ်ကျော် နိုင်ခဲ့သူ ၁၆ ယောက်သာ ကျန်ရှိနေခဲ့ကာ ခုလာမယ့် စတုတ္ထအဆင့် Live Show မှာ အ ကြိတ်အနယ် ယှဉ်ပြိုင်ကြရတော့မှာ ဖြစ်ပါတယ်။
ဒီအဆင့်မှာတော့ Team R. ဇာနည်ရဲ့ အဖွဲ့ထဲက ဆလိုင်းတီလျန်၊ နော်ဇာလီ၊ Janus နဲ့ N Oo L ၊ Team ကျားပေါက်ရဲ့ အဖွဲ့ထဲက တွမ်ပီး၊ ဘဝ၊ ရွှေသွေးနဲ့ အောင် ကောင်းခန့်၊ Team နီနီခင်ဇော်ရဲ့ အဖွဲ့ထဲက ပန်၊ ထက်ဂျင်၊ ခင်ရတနာစိုးနဲ့ ဇော်ခွန်၊ Team ရန်ရန်ချန်းရဲ့ အဖွဲ့ထဲက Error အဖွဲ့၊ IV ထူး၊ Jen Jeng နဲ့ မိုးသားတို့က ပရိသတ် ကပေးတဲ့ Vote တွေနဲ့ ဆက်လက်ယှဉ်ပြိုင်ကြရမှာပါ။
မနှစ်က Season 2 မှာတော့ Coach ၄ ယောက်ရဲ့ အဖွဲ့ ၄ ဖွဲ့ထဲက ပြိုင်ပွဲဝင် နိုဗန်ထူး၊ ဟေဇယ်လ်၊ ပေါလ်အော်စတင်နဲ့ မယ်လိုဒီခေါင်တို့က နောက်ဆုံးအဆင့်ထိ ရောက်ရှိလာခဲ့ကြပြီး ပြိုင်ပွဲတလျှောက် ရော့ခ်မက်တယ်လ်သီချင်းတွေနဲ့ အစွမ်းပြ ယှဉ်ပြိုင်ခဲ့သူ နိုဗန်ထူးက ဆုရရှိသွားခဲ့တာပါ။
မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar Season 1 သီချင်းဆိုပြိုင်ပွဲမှာလည်း Winner ဆုရှင်ဟာ Coach လင်းလင်းရဲ့ အဖွဲ့ထဲက အမျိုးသား ပြိုင်ပွဲဝင် ငွေစိုးက ရရှိခဲ့တာမို့ နိုဗန်ထူးဟာ ဒုတိယမြောက် ဆုရရှိတဲ့ အမျိုးသား ပြိုင်ပွဲဝင် Winner တယောက်ဖြစ်လာခဲ့တာပါ။
လာမယ့် နိုဝင်ဘာ ၂၉ ရက်မှာ စတင်ထုတ်လွှင့်ပြသတော့မယ့် Live Show အဆင့် မှာ ရော သက်ဆိုင်ရာ Coach တွေရဲ့ အဖွဲ့တွေထဲက ပြိုင်ပွဲဝင်တွေက ဘယ်လို အကြိတ် အနယ် ယှဉ်ပြိုင်ကြဦးမလဲ၊ ဘယ်သူတွေက နောက်တဆင့် တက်သွားမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။