Homeမြန်မာသတင်း
ဒဂုံဆိပ်ကမ်း ပေါက်စီမုန့်လုပ်ငန်းပိုင်ရှင်၏ မိသားစုဝင် ၂ ဦးနှင့် မြို့နယ်စခန်းမှူးတို့တွင် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့
ဒဂုံဆိပ်ကမ်း ပေါက်စီမုန့်လုပ်ငန်းပိုင်ရှင်၏ မိသားစုဝင် ၂ ဦးနှင့် မြို့နယ်စခန်းမှူးတို့တွင် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့
DVB
·
November 26, 2020
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်က ကလေးလုပ်သားတွေကို ညှဉ်းပန်းနှိပ်စက်တယ်လို့ စွပ်စွဲခံရတဲ့ လိုတရ၊ ရွှေစံလှမုန့်လုပ်ငန်းပိုင်ရှင်ရဲ့ မိသားစုဝင်နှစ်ယောက်နဲ့ ဒီအမှုကို ကိုင်တွယ် ဖြေရှင်းပေးနေတဲ့ မြို့နယ်စခန်းမှူးတို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာအေးမူယာကျော်က ပြောပါတယ်။
အဆိုပါမုန့်လုပ်ငန်းမှာ အလုပ်လုပ်နေတဲ့ ကလေးလုပ်သား ၁၈ ယောက်လောက်ကို လူမှုဝန်ထမ်းသင်တန်းကျောင်းမှာထားရှိဖို့ နိုဝင်ဘာ ၂၁ ရက်က ကိုဗစ်- ၁၉ ရောဂါရှိ မရှိ စစ်ဆေးတဲ့အခါမှာ ကလေး ၁၀ ယောက်မှာ ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။
ဒါကြောင့် ကလေးတွေနဲ့ထိတွေ့မှုရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ လူမှုဝန်ထမ်းတွေနဲ့ အလုပ်ရှင်တို့ကို စစ်ဆေးခဲ့ရာမှာ မုန့်လုပ်ငန်းပိုင်ရှင်ရဲ့ ညီဖြစ်သူ၊ အစ်မဖြစ်သူနဲ့ ရဲစခန်းမှူးတို့ မှာလည်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခဲ့တာပါ။
ရောဂါပိုးကူးစက်ခံထားရသူ စုစုပေါင်း ၁၃ ယောက်ကို ရိုးမရိပ်သာကုသရေးစင်တာသို့ ပို့ဆောင်ထားပြီး ကျန်ကလေးငယ်တွေနဲ့ ထိတွေ့မှုရှိသူတွေကို မြို့နယ်ကွာရန်တင်းစင်တာတွေမှာ ထားရှိတယ်လို့သိရပါတယ်။
ဒီနေ့အချိန်ထိ အဆိုပါဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူပေါင်း ၄၀ ကျော်ကို စစ်ဆေးပြီးပြီ ဖြစ်ပြီး ထပ်မံစစ်ဆေးဖို့ ဆောင်ရွက်နေတယ်လို့လည်း မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာအေးမူယာကျော်က ပြောပါတယ်။
မုန့်လုပ်ငန်းပိုင်ရှင်တွေကိုတော့ မြို့နယ်ရဲစခန်းက နာကျင်စေမှုဥပဒေနဲ့ အမှုဖွင့်ထားပြီး စည်ပင်ကလည်း အမှုတစ်ခုဖွင့်ကာ လုပ်ငန်းရပ်ဆိုင်းထားပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ကတော့ အလုပ်သမားခေါင်းပုံဖြတ်မှု တွေကို အပြည်ပြည်ဆိုင်အလုပ်သမားရေးရာအဖွဲ့နဲ့ အလုပ်သမားရေးရာဝန်ကြီးဌာနတို့ကို စာတင်ထားပြီး ကလေးတွေကို အသေးစိတ်ထပ်မေးလို့ရရင် ရှေ့နေတွေနဲ့တိုင်ပင်ပြီး အကြမ်းဖက်မှုဥပဒေနဲ့ အမှုဖွင့်မယ်လို့သိရပါတယ်။
သတင်း-အိသဇင်ခိုင်