ဦးထိုက်ဇော်အား လုပ်ကြံသတ်ဖြတ်ခဲ့သူကို အမြန်ဆုံးစုံစမ်းဖော်ထုတ်ပေးရန် SNLD တိုက်တွန်း
DVB
·
November 22, 2020
အန်အယ်လ်ဒီကိုယ်စားပြု ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ အတွက် ယှဉ်ပြိုင်အရွေးခံရသူ ဦးထိုက်ဇော် ပစ်ခတ်လုပ်ကြံခံခဲ့ရမှုအတွက် ဝမ်းနည်းကြောင်းနဲ့ လုပ်ကြံသတ်ဖြတ်ခဲ့သူအား အမြန်ဆုံးစုံစမ်းဖော်ထုတ်ပေးဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က တိုက်တွန်းလိုက်ပါတယ်။
ပစ်ခတ်လုပ်ကြံခံရမှုကြောင့် ကွယ်လွန်သွားတဲ့ ဦးထိုက်ဇော်ရဲ့ မိသားစုနဲ့အတူ ဝမ်းနည်းကြေကွဲရပြီး အကြမ်းဖက်လုပ်ရပ် ကျူးလွန်သူကိုလည်း ပြင်းထန်စွာရှုတ်ချတယ်လို့ ဒီနေ့ ကြေညာချက်ထုတ်ပြန်ပြောကြားခဲ့တာပါ။
ဦးထိုက်ဇော်အား လုပ်ကြံသတ်ဖြတ်ခဲ့သူကို အရေးယူအပြစ်ပေးနိုင်ဖို့ တာဝန်ရှိသူတွေအနေနဲ့ လျင်မြန်စွာ စုံစမ်းဖော်ထုတ်ပေးဖို့၊ ကျောက်မဲဒေသမှာ အလားတူ အကြမ်းဖက်မှုမျိုး နှစ်စဉ်ဆိုသလို မကြာခဏ ပေါ်ပေါက်နေတာကိုလည်း ထိထိရောက်ရောက် ဟန့်တားအရေးယူပေးဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က တိုက်တွန်းလိုက်ပါတယ်။
ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၁ က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဦးထိုက်ဇော်ဟာ မနေ့ည ၆ နာရီကျော်လောက်က ကျောက်မဲမြို့နယ် ပင်တိန်ကျေးရွာက နေအိမ်မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံရခဲ့ရတာပါ။
ဦးထိုက်ဇော်ဟာ နေအိမ်ရှိဈေးဆိုင်မှာ ဈေးရောင်းနေစဉ် ဆိုင်ကယ်နဲ့ လူနှစ်ဦး ရောက်ရှိလာပြီး သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ယာဘက်ရင်ဘတ်မှာ ဒဏ်ရာရရှိခဲ့ကာ ကျောက်မဲဆေးရုံရောက်ရှိပြီးနောက် သေဆုံးခဲ့တာဖြစ်ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ တာဝန်ရှိသူတွေက စုံစမ်းနေတယ်လို့ သိရပါတယ်။