တောင်ကြီးဆန္ဒပြပွဲကို အကြောင်းအရာမသိဘဲ လိုက်လာမိခဲ့ဟု ပအိုဝ်းတိုင်းရင်းသားများပြော
DVB
·
November 18, 2020
မနေ့က တောင်ကြီးမြို့မှာပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲကို အကြောင်းအရာမသိဘဲ သူများခေါ်လို့ လိုက်လာခဲ့တာဖြစ်တယ်လို့ ပအိုဝ်းတိုင်းရင်းသားတွေက ပြောပါတယ်။
နိုဝင်ဘာ ၁၇ ရက်နေ့က တောင်ကြီးမြို့ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့မှာ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP)က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေကို ရှုတ်ချဆန္ဒပြရာမှာ ပါတီဝင်အနည်းငယ်သာပါပြီး ပအိုဝ်းတိုင်းရင်းသား အများစုပါဝင်တာ ဖြစ်ပါတယ်။
ဆန္ဒပြရာမှာပါဝင်တဲ့ ပအိုဝ်းတိုင်းရင်းသား ဦးထွန်းသက်က “သူများခေါ်လို့လိုက်လာတာ။ ဒီရောက်မှ ဒီလိုဖြစ်တာ သိလိုက်တယ်။ တောင်ကြီးကိုတက်မယ်ဒီနေ့ အဲလိုပဲပြောတာ။ ဘာလုပ်မယ်ဆိုတာ မသိခဲ့ဘူး၊ ဆန္ဒပြတာတွေ့တော့ ကျနော်တို့က စိတ်ထဲကောင်းသလို မကောင်းသလိုလိုပဲ အကြောင်းအရာ မသိဘူးလေ အဲလိုပဲပြောရမယ်”လို့ ပြောပါတယ်။
ပြဿနာဖြစ်မှာစိုးလို့ လုံခြုံရေးအတွက်ခေါ်တာဆိုပြီး ဆန္ဒပြတဲ့နေရာမှာ ရောက်တော့ ပါတီတာဝန်ရှိသူတွေက ဆန္ဒပြတဲ့ဗီနိုင်းတွေ ကိုင်ဆောင်စေပြီး အတူဆန္ဒပြခဲ့ရတာဖြစ်ပြီး ကိုယ့်စားရိတ်နဲ့ကိုယ်လာရသလို ငွေကြေးတစုံတရာရရှိခြင်းမရှိဘူးလို့လည်းဆိုပါတယ်။
ပအိုဝ်းတိုင်းရင်းသား ဦးတစွေ့က “ကျနော်တို့ကို အမိန့်လာတာ လုံခြုံရေးအတွက်ဖြစ်တယ်၊ တစုံတရာ မကျေနပ်တာမဟုတ်ဘူး လုံခြုံရေးပဲ။ သူတို့ပါတီအချင်းချင်း မကျေနပ်ကြတာဖြစ်တယ်။ ပြဿနာဖြစ်မှာစိုးလို့ လုံခြုံရေးယူတာဖြစ်တယ်။ ကျနော်တို့အဖွဲ့က အမျိုးသားလုံခြုံရေးကွန်ယက်ပါ။ ဆန္ဒဖော်ထုတ်ဗီနိုင်းတွေ ကျနော်တို့ မကိုင်ဘူး။ ပါတီတွေက ကိုင်ခိုင်းတာပါ။ ကျနော်တို့က လုံခြုံရေးအတွက်ခေါ်တာဖြစ်တဲ့အတွက် ကျနော်တို့လူတွေ မကိုင်နဲ့လို့ ပြောလိုက်တယ်”လို့ ပြောပါတယ်။
ဒီဆန္ဒပြရာမှာ ပြည်သူအနေနဲ့ သူ့တို့ဆန္ဒနဲ့ပူးပေါင်းတာဖြစ်သလို အတင်းမခေါ်ရဘူးလို့ ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်တဲ့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီဝင် ဦးဝင်းဗိုလ် က ပြောပါတယ်။
ဆန္ဒပြရာမှာ ကျန်းမာရေးစည်းကမ်းချက်နဲ့အညီ လူ ၃၀ ထက်မပိုတဲ့အကြောင်း ဆန္ဒပြသူ ၃၀ ဝန်းကျင်မှာ အမျိုးသားလုံခြုံရေးကွန်ယက်အဖွဲ့ဝင်ပအိုဝ်းတိုင်းရင်းသား ၁၈ ဦး ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ DNPဟာ အငြိမ်းစားဗိုလ်ချုပ်တွေ ဦးဆောင်တဲ့ ပါတီဖြစ်ပါတယ်။ ပါတီဥက္ကဋ္ဌ ဦးစိုးမောင်ဟာ စစ်အစိုးရလက်ထက်က ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာ သမ္မတရုံးဝန်ကြီး (၂) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာတော့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ အနေနဲ့ လွှတ်တော် နေရာ တစ်နေရာမှ အနိုင်ရခဲ့တာမရှိပါဘူး။
သတင်း- ခွန်ရာဇာ