မယ်စကြဝဠာမြန်မာအလှမယ် မေဘရဏီသော် ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
November 18, 2020
မယ်စကြဝဠာမြန်မာအလှမယ် သရုပ်ဆောင် မေဘရဏီသော်ဟာ ကိုဗစ်-၁၉ ရောဂါကူး စက်ခံထားရပြီး နိုဝင်ဘာ ၁၆ ရက်ကစပြီး အောင်မြင့်မိုရ် ကွာရန်တင်းစင်တာမှာ ကွာရန် တင်းဝင်နေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့လ ၂၉ ရက်နေ့က မိခင်ဖြစ်သူဟာ ဈေးထွက်ဝယ်ရာကနေ သူ့ဆီ ကူးစက်ခံခဲ့ရပြီး အဒေါ်ဖြစ်သူကိုပါ ထပ်မံကူးစက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး မေဘရဏီသော်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် ခုလိုရေးသားပြီး ပရိသတ်တွေကို အသိပေးထားခဲ့တာ ဖြစ်ပါတယ်။
“အရင်လ ၂၉ ရက်နေ့က မေမေ စျေးတခါထွက်ဝယ်တယ်… ထင်တာတော့ အဲနေ့က ကူးတာလို့ မေသော် ထင်တယ်… ၈ ရက်နေ့ မဲသွားပေးပြီး ပြန်အလာ ရေချိုးလိုက်တော့… အပူရှပ်တာနဲ့ ကိုယ်ခံအားနည်းတဲ့အချိန် တိုက်ဆိုင်သွားတာလားမသိ… မေမေ စဖျားပါတယ်… မေမေဖျားတဲ့အချိန် မေမေကို အနီးကပ် စောင့်ကြည့်ဂရုစိုက်နေတဲ့ ကိုယ် နဲ့ အန်တီလည်း ကူးတော့တာပေါ့”
အဲဒီနောက်ပိုင်း ရောဂါကူးစက်ခံရတဲ့ လက္ခဏာတွေ ပြလာခဲ့တဲ့အတွက် မိသားစုလိုက် သွားရောက်စစ်ဆေးမှု ခံယူရာမှာတော့ Positive ဖြစ်ခဲ့လို့ ကွာရန်တင်းဝင်ခဲ့ရတာ ဖြစ်ပါတယ်။
“၁၄ ရက်နေမှာ မေမေက ကိုယ်ပူနည်းနည်းရှိတာကလွဲလို့ ပြန်ကောင်းလာပါတယ်... မေသော်ကတော့ ကိုယ်ပူပြီး လည်ချောင်းတွေနာ… ကိုယ်လက်ကိုက်ခဲလာပါတယ်… အန်တီကတော့ အနံ့မရတော့ပါ… ၁၅ ရက်နေ့မှာ မေသော်လည်း အနံ့မရတော့တာကြောင့် မေဓာဝီဆေးရုံက Fever Clinic မှာ ၁၆ ရက်နေ့ မေမေ… အန်တီ… ဖေဖေ… မေသော်… ၄ ယောက်သွားရောက်စစ်ခဲ့ပါတယ်… ဖေဖေကတော့ ကျန်းမာပြီး Positive လူနာနဲ့ ထိတွေ့မှုမရှိ (အဲ့တုန်းက မေသော်တို့ အဖြေမသိရသေး)တာကြောင့် သောက်ရမယ့် ဆေးပေးပြီး ဆေးမစစ်ဖြစ်လိုက်ပါ…. မေသော်တို့ ကျန်သုံးယောက်က ဆေးစစ်လိုက်ရပါတယ်… အဖြေက Positive ဖြစ်လို့ အဲ့နေ့ပဲ အောင်မြင့်မိုရ်မှာ Quarantine ဝင်ရပါတယ်”
အသက် ၃၀ အရွယ် ရှိနေပြီဖြစ်တဲ့ မေဘရဏီသော်ဟာ ၂၀၁၄ ခုနှစ်မှာ Miss International Myanmar (1st Runner-up)၊ ၂၀၁၅ ခုနှစ်မှာ Miss Universe Myanmar Winner ဆုတွေကို ဆွတ်ခူးရရှိခဲ့ပြီးနောက်ပိုင်းမှာတော့ သရုပ်ဆောင်အနုပညာလမ်းကြောင်းပေါ် ဆက်လက်လျှောက် လှမ်းလာခဲ့သူ ဖြစ်ပါတယ်။
အခမ်းနားဆုံးမေတ္တာ ရုပ်ရှင်ကားထဲမှာလည်း မေဘရဏီသော်က ပါဝင်သရုပ်ဆောင်ခဲ့သလို ပန်းနှစ်ပွင့်စီးချင်း၊ ဇနီးချောများကွန်ရက် စတဲ့ ရုပ်သံစီးရီးစ်တွေနဲ့လည်း ပရိသတ်တွေ အခိုင်အမာ ရရှိခဲ့တဲ့ သရုပ်ဆောင်တယောက် ဖြစ်ပါတယ်။
လတ်တလောမှာတော့ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့အပေါ် အတတ်နိုင်ဆုံးကာကွယ်ခဲ့ပေမယ့် ဖြစ်လာတဲ့အပေါ်မှာတော့ အကောင်းမြင်စိတ်နဲ့ ဖြတ်သန်းနေတယ်လို့ ပြောပါ တယ်။
“အခုထိလည်း အကောင်းမြင်စိတ်နဲ့ ဖြတ်သန်းနေပါတယ်… မဖြစ်ခင်က အတတ်နိုင်ဆုံး ကာကွယ်ပေမယ့်… ဖြစ်လာခဲ့ရင်လည်း အကောင်းမြင်စိတ်နဲ့ ဖြတ်သန်းဖို့ ဆုံးဖြတ်ထားပါတယ်… မိတ်ဆွေတို့လည်း ကိုယ်ခံအားကောင်းအောင် ဂရုစိုက်ကြပါနော်”