ယူနန်အစိုးရက ကျပ်သိန်း ၈,၀၀၀ တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများလှူဒါန်း
DVB
·
November 16, 2020
တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရက လှူဒါန်းတဲ့ မြန်မာငွေကျပ် သိန်း ၈,၀၀၀ တန်ဖိုးရှိတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးပစ္စည်းတွေကို ကျန်းမာရေးဝန်ထမ်းတွေ၊ ကွာရန်တင်း စင်တာက၀န်ထမ်းတွေနဲ့ ပရဟိတအသင်းတွေကို ပြန်လည်ထောက်ပံ့ပေးသွားမယ်လို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောပါတယ်။
ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (PHL) (မန္တလေး)အနေနဲ့ အထက်မြန်မာပြည်မှ ကိုဗစ်-၁၉ရောဂါ ထိစပ်မှုတွေကို စစ်ဆေးဆောင်ရွက်ပေးဖို့ ပြည်သူတွေ၊ ကျန်းမာရေး နည်းပညာရှင်တွေ၊ အလှူရှင်တွေနဲ့စေတနာ့ဝန်ထမ်းတွေရဲ့ ပူးပေါင်းပါဝင်မှုတွေကြောင့် အခုချိန်မှာ အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့တယ်လို့လည်း ၀န်ကြီးချုပ်ကဆိုပါတယ်။
၀န်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က “မိမိတို့ နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါစဖြစ်ကတည်းက ယူနန်ပြည်နယ်က အကူအညီတွေ အများကြီးပေးခဲ့ပါတယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကိုဗစ်နဲ့ပတ်သက်ပြီး နည်းပညာတွေ၊ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေကို မျှဝေပေးပါတယ်၊ ကိုဗစ်-၁၉ ရောဂါဟာ စောစောစစ်နိုင်လေ ကာကွယ်မှုကို ပိုမိုဆောင်ရွက် နိုင်မှာပါ။ ယူနန်ပြည်နယ်အစိုးရက လှူဒါန်းပေးတဲ့ ပစ္စည်းတွေဟာ မန္တလေးတိုင်းဒေသကြီးအတွက် လိုအပ်နေတဲ့ ပစ္စည်းတွေဖြစ်ပြီးကျန်းမာရေးဝန်ထမ်းတွေ၊ ကွာရန်တင်း စင်တာတွေမှာရှိတဲ့ စေတနာ့ဝန်ထမ်းတွေနဲ့ ပရဟိတအသင်းတွေကို ပြန်လည်ထောက်ပံ့ ပေးသွားမှာဖြစ်ပါတယ်။”လို့ ပြောပါတယ်။
ယူနစ်ပြည်နယ်အစိုးရက မန္တလေးတိုင်းဒေသကြီးကို တတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းတွေဖြစ်တဲ့ အသက်ရှူကူစက်နဲ့ ဆက်စပ်ပစ္စည်း၊ PPE ဝတ်စုံနဲ့ နှာခေါင်းစည်း၁၀ မျိုးကို နိုဝင်ဘာ ၁၄ ရက်နေ့က မန္တလေးမြို့ ပူးလ်မန်းဟိုတယ်မှာ လှူဒါန်း ခဲ့တာဖြစ်ပါတယ်။
ဒီပစ္စည်းတွေကို ယူနန်ပြည်နယ်က ကုန်းလမ်းခရီးစဉ်နဲ့ ရွှေလီ-မူဆယ် လမ်းကြောင်းက တဆင့် မန္တလေးသို့ ကုန်တွဲယာဉ်ကြီး သုံးစီးနဲ့ တိုက်ရိုက်တင်ဆင်လာတာဖြစ်တယ်လို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ် မစ္စတာချန်းကပြောပါတယ်။
တရုတ်နိုင်ငံအနေနဲ့လည်း အိမ်နီးချင်းနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကို တိုက်ဖျက်နေချိန်တွေမှာ ဆက်လက်ကူညီပေးသွားမယ်လို့လည်း ပြောပါတယ်။
သတင်း - ခင်ပြည့်စုံဝင်း