Home
မြန်မာသတင်း
အမ်းမြို့နယ်၌ လက်နက်ကြီးကျည်ကျပြီး ကလေးငယ် ၃ ဦးအပါအဝင် ၆ ဦး ဒဏ်ရာရ
DVB
·
November 11, 2020
124479362_1762760870538159_4646438709716047226_n
124946437_1762760993871480_4226101413179544738_n
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇူးကိုင်းကျေးရွာအုပ်စု ရှောက်ချုံကျေးရွာမှာ နိုဝင်ဘာ ၁၀ ရက်နေ့ညက ရွာထဲကို လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့ပြီး ကလေးငယ် ၃ ဦး အပါအဝင် ၆ ဦး ဒဏ်ရရှိသွားခဲ့ပါတယ်။ အဆိုပါဒဏ်ရာရရှိသွားသူ ၆ ဦးဟာ ကမ်းထောင်းကြီးမြို့ဆေးရုံကို လာရောက်ဆေးကုသမှု ခံယူနေကြရပြီး ၂ ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိထားတယ်လို့ ကမ်းထောင်းကြီးမြို့က လူမှု ကယ်ဆယ်ရေးလုပ်ငန်းတွေ ကူညီဆောင်ရွက်ပေးနေသူတဦးက ပြောပါတယ်။ ကမ်းထောင်းကြီးမြို့ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီနေသူ ကိုရန်နိုင်စိုး က “အမ်းမြို့နယ် ရှောက်ချုံကျေးရွာမှာပါ၊ ပစ်တာကတော့ အမ်းမြို့နယ် ကဇူးကိုင်းကျေးရွာ တောင်ပေါ်မှာ တပ်စွဲထားတဲ့စစ်တပ် ကပစ်လိုက်တာပေါ့။ နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၇ နာရီလောက်မှာ ဖြစ်တာပါ၊ ရွာထဲကိုလက်နက်ကြီးကျည် တစ်လုံးကျလာတယ်။ အဲဒီမှာ ကလေးငယ် ၃ ဦးအပါအဝင် လူ ၆ ဦးဒဏ်ရာရကြတယ်၊ အဲဒီလူတွေထဲက ၂ဦးကတော့ ဒဏ်ရာပြင်းထန်တယ်။” ဒဏ်ရာရတဲ့ အထဲမှာ ကလေး ၃ယောက်၊ လူငယ် ၁ ယောက်နဲ့ အသက်(၃၁)နှစ်အရွယ် အမျိုးသမီး ၁ ယောက် ၊ အသက်(၅၄)နှစ်အရွယ် အမျိုးသား ၁ ယောက်ပါဝင်ပြီး အဲဒီထဲမှာက အသက်(၃၁)နှစ်အရွယ် မတင်မေနှင်းနဲ့ အသက်(၅၄)နှစ်အရွယ် ဦးခင်မောင်တို့က ဒဏ်ရာပြင်းထန် ရထားတယ်လို့သိရပါတယ်။ လက်နက်ကြီးကျတဲ့ရွာနဲ့ ကမ်းထောင်းကြီးမြို့နဲ့  (၆)မိုင်လောက်ဝေးပြီး လက်နက်ကြီး တောက်လျှောက်ပစ်နေတဲ့အသံကို မြို့ကနေတောင်ကြားနေရတယ်လို့  လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီနေသူ ကိုရန်နိုင်စိုးက ပြောပါတယ်။ အဆိုပါ ရှောက်ချုံကျေးရွာမှာ အိမ်ခြေ ၆၀ ကျော်ခန့်ရှိပြီး လူဦးရေ ၁၅၀ ကျော်ခန့်ရှိကာ ရွာထဲကိုလက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် ကျေးရွာနေသူတချို့ ဒဏ်ရာရရှိသွား သလို နေအိမ်တချို့မှာလည်း ပျက်စီးသွားခဲ့တာကြောင့် ဒေသခံတွေမှာ စိုးရိမ်ထိတ်လန့်ကာ ကမ်းထောင်းကြီးမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင် လာခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလို တပ်မတော်မှ လက်နက်ကြီးပစ်ခတ်တာကြောင့် ဒေသခံတွေဒဏ်ရာရသွားတယ် ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကိုဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့လည်း လက်ခံဖြေဆိုမှု မရှိခဲ့ပါဘူး။ သတင်း - နောင်နောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024