စစ်ကိုင်းမြို့က နေအိမ်တစ်အိမ်တွင် ဓားထောက် အနုကြမ်းဝင်စီး
DVB
·
November 11, 2020
စစ်ကိုင်းမြို့၊ စီးတီးရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှာ နိုဝင်ဘာ ၁၀ ရက် မနက် ၁၁ နာရီလောက်က အနုကြမ်းဝင်စီးမှုဖြစ်ပွားခဲ့တယ်လို့ စီးတီးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။
စီးတီးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က ''ဒီနေ့ မနက် ၁၁ နာရီကျော်လောက်က ဖြစ်သွားတာပါ။ အဲဒီအိမ်က ကောင်မလေး ရေချိုခန်းကအထွက်မှာ လူနှစ်ယောက်က ပုဆိုးတွေနဲ့ခေါင်းခြုံထားပြီး သူ့အခန်းထဲအဝင်ကို နောက်ကလည်ပင်းညှစ်ပြီး ဓားနဲ့ထောက်ကာ လက်ကိုလိမ်ပြီး တံခါးနဲ့ခေါင်းဆောင့်တိုက်လိုက်တော့ ကောင်မလေးကမေ့သွားတယ်။ ဗီရိုက သော့ကတန်းလန်းထားတော့ အဲ့ထဲကနေ ရှိတဲ့ဟာတွေ ယူချသွားတာ”လို့ပြောတယ်။
ဆွဲကြိုးတစ်ကုံး၊ လက်ကောက်တစ်ကွင်း၊ လက်စွပ်သုံးကွင်း၊ စိန်နားကပ်တစ်ရံ၊ ပိုက်ဆံက ၁၀ သိန်း စုစုပေါင်း ကျပ်သိန်း ၁၀၀ ကျော်ဖိုးလောက် ပါသွားတယ်လို့ သိရတယ်။
“ပြစ်မှုကျုးလွန်သွားတဲ့သူတွေကို ခုချက်ခြင်းလိုက်နေတာကို ဘယ်ကမှ ရှာမတွေ့သေးဘူး။ သဲလွန်စလဲ မရသေးဘူး။ ရဲစခန်းမှာတော့ တိုင်ချက်ဖွင့်ထားတယ်။ လာစစ်သွားတာတော့ မြို့နယ်ရော၊ စခန်းမှူးရော၊ ခရိုင်ရော ကျန်တဲ့ နယ်ထိန်းခေါင်းဆောင် အဖွဲ့တွေရော အကုန် လာစစ်သွားတယ်”လို့ စီးတီးရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်းသူတွေကို အမှတ် ၂ နယ်မြေရဲစခန်းက(ပ) ၃/ ၂၀၂၀၊ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၂ နဲ့ အမှုဖွင့်အရေးယူထားပြီး ဖမ်းဆီးရမိရေးအတွက် စစ်ဆေးဆောင်ရွက်နေတယ်လို့ စခန်းမှူးရဲအုပ်ကျော်သန်းက ပြောပါတယ်။
သတင်း - ရဲနိုင်ဆွေ