တပ်မတော်ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ ဖွဲ့စည်း
DVB
·
November 9, 2020
တနိုင်ငံလုံးအပစ်ရပ်လက်မှတ်ထိုးပြီး ထာဝရငြိမ်းချမ်းရေးရတဲ့အထိဆွေးနွေးဖို့ ရည်ရွယ်ပြီး ဒုတိယဗိုလ်ချုပ်ကြီး ၅ ယောက်ပါ တပ်မတော်ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို ဖွဲ့စည်းလိုက်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ထာဝရငြိမ်းချမ်းရေးအောင်မြင်ပြီးဆုံးတဲ့အထိ တပ်မတော်နဲ့ ဆွေးနွေးဖို့လိုအပ်လာရင် ဆက်ပြီးဆွေးနွေးနိုင်ဖို့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို ဖွဲ့စည်းလိုက်တယ်လို့ နိုဝင်ဘာ ၉ ရက်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။
ဒီကော်မတီမှာ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဥက္ကဋ္ဌအဖြစ်ဦးဆောင်ပြီး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အတွင်းရေးမှူး၊ အဖွဲ့ဝင်တွေအဖြစ်တော့ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းတို့ ပါဝင်ပါတယ်။
ကော်မတီအနေနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လက်မှတ်ထိုးနိုင်တဲ့အထိ ဆက်လက်ဆွေးနွေးရမှာဖြစ်ပါတယ်။
ပြီးတော့ NCA လက်မှတ်ထိုးပြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးပိုခိုင်မာအောင် ဆက်ပြီး ဆွေးနွေးရမှာဖြစ်ပြီး ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးတဲ့အထိ လိုအပ်တာတွေ ဆွေးနွေးသွားဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလုပ်ခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံ စတုတ္ထအစည်းအဝေး အပါအဝင် အစည်းအဝေးတွေကနေ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ ပိုင်း၊ သဘောတူညီချက် ၅၄ ခု ရခဲ့ပါတယ်။
ဒါတွေနဲ့ ကျန်နေသေးတဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ပါအချက်တွေကို ဆက်ဆွေးနွေးရမှာဖြစ်ပေမယ့် ကိုဗစ်-၁၉ ဖြစ်လာတာ၊ ရွေးကောက်ပွဲရှိတာတို့ကြောင့် ရပ်ဆိုင်းနေခဲ့ရပါတယ်။
အခုတော့ ရွေးကောက်ပွဲပြီးပြီဖြစ်သလို ကိုဗစ်-၁၉ ကိုလည်း အတိုင်းအတာတခုအထိ ထိန်းချုပ်ထားနိုင်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။