ဦးအယ်လ်ဖောင်းရှို ထောက်ခံမဲ ၇၄ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရ
နော်နိုရင်း
·
November 9, 2020
မကြာသေးခင်ကမှ ဝန်ကြီးချုပ်တာဝန်ကနေ ရပ်ဆိုင်းခံခဲ့ရတဲ့ ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုဟာ မယ်စဲမြို့နယ်မဲဆန္ဒနယ် (၂) မှာ ထောက်ခံမဲ ၇၄ ဒသမ ၄ ရာခိုင်နှုန်းနဲ့ မဲအပြတ်အသတ်အနိုင်ရရှိတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။
“ကျွန်တော် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကယားပြည်နယ်၊ မယ်စဲ့ မြို့နယ်လေးမှာတော့ အနီရောင် အပြည့်အဝ လွှမ်းခြုံနိုင်ခဲ့ပါပြီ။ ကျွန်တော် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ မဲဆန္ဒနယ်အမှတ် (၂) မှာတော့ (ကြိုတင်ဆန္ဒမဲနှင့် ဆန္ဒမဲများ) တွင် ခိုင်လုံမဲ ရရှိမှုအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားဝင်ရောက်ယှဉ်ပြိုင်သည့် ကျွန်တော့အတွက် ထောက်ခံမှု (၇၄.၄%) ဖြင့် အနိုင်ရရှိခဲ့ပါတယ်။” လို့ ရေးသားဖော်ပြထားပါတယ်။
ဒါ့အပြင် အားနည်းချက်တွေကို အကောင်းဆုံးပြင်ဆင်ပြီး ပေးအပ်လာတဲ့ တာဝန်အပေါ်မှာ တာဝန်ကျေပွန်သည်ထက် ကျေပွန်အောင် စေတနာ၊ မေတ္တာ အပြည့်နဲ့ ထမ်းရွက်သွားပါ့မယ်လို့ လည်း ကတိပြုရေးသားထားပါတယ်။
မနေ့က ပြီးဆုံးသွားတဲ့ ရွေးကောက်ပွဲရလဒ်တွေကို ဒီနေ့နေ့ခင်းအထိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင် ထုတ်ပြန်ကြေညာတာ တခုမှာ မရှိသေးပါဘူး။
မြေပြင်အခြေအနေမှာ လေ့လာတွေ့ရရှိတဲ့ ရလဒ်တွေအရ အမျိုးသားဒီမိုကရစီအဖွဲ့ချုပ်က ကယားပြည်နယ် ၇ မြို့နယ်ထဲက လွိုင်ကော်၊ ဒီးမော့ဆို၊ ဖားဆောင်းနဲ့ မယ်စဲမြို့နယ်တွေမှာ အနိုင်ရရှိထားပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဦးအယ်ဖောင်းရှိုကတော့ မယ်စဲမြို့နယ်မှာ မဲအပြတ်အသတ်နဲ့ အနိုင်ရထားပါတယ်။
ဖရူဆိုမြို့နယ်မှာကတော့ ဒေသအခြေစိုက်ပါတီဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက အနိုင်ရရှိပြီး ဘောလခဲမြို့နယ်မှာတော့ ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိထားပါတယ်။
ရှားတောမြို့နယ်မှာတော့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ၃ နေရာနဲ့ ကြံ့ခိုင်ရေးပါတီက ၁ နေရာ အနိုင်ရရှိထားပါတယ်။ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေး ဝင်ရောက်ယှဉ်ပြိုင်တဲ့ ရှားတောမြို့နယ် ပြည်နယ်မဲဆန္ဒနယ် ၂ မှာ တပ်မတော်ရဲ့ ကြိုတင်မဲနဲ့ ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ကယားပြည်နယ် မဲဆန္ဒနယ် ၃၄ နေရာမှာ အန်အယ်လ်ဒီပါတီက နေရာ ၂၀၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ၈ နေရာနဲ့ ကြံ့ခိုင်ရေးပါတီက ၆ နေရာ အသီသီး အနိုင်ရရှိထားပါတယ်။
ပြည်နယ်လွှတ်တော်အနေနဲ့ကတော့ အန်အယ်လ်ဒီက ၈ ဦး၊ ကြံ့ခိုင်ရေးပါတီက ၃ ဦးနဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ၃ ဦး ပြည်နယ်လွှတ်တော်ကို ရောက်ရှိလာကြမှာဖြစ်ပါတယ်။
ဒီထဲမှာ အရင်လွှတ်တော်သက်တမ်း ၂ ဆက်က ကယားပြည်နယ်လွှတ်တော်မှာ အမျိုးသမီးကိုယ်စားလှယ်မပါဝင်ခဲ့ပေမယ့် အခု ၂၀၂၀ ရွေးကောက်ပွဲမှာတော့ အမျိုးသမီး ကိုယ်စားလှယ် ၁ ဦး အနိုင်ရထားပါတယ်။