ကိုဗစ်-၁၉ လူနာသစ် ၁,၀၂၉ ဦးတွေ့ရှိ၊ သေဆုံးသူ ၂၄ ဦးထပ်တိုး
DVB
·
November 8, 2020
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၁,၀၂၉ ယောက် ထပ်မံတွေ့ရှိခဲ့ပြီး လူနာ အယောက် ၂၄ ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသူအယောက် ၂၄ ထဲမှာ ၁၉ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ နိုဝင်ဘာ ၇ ရက် ည ၈ နာရီမှ နိုဝင်ဘာ ၈ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၄,၃၆၁ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၁,၀၂၉ ယောက် ထပ်မံတွေ့ရှိခဲ့တာပါ။
လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာ တာ မရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနေ့ ဆေးရုံမှ ဆင်းခွင့်ရသူ ၁,၀၉၀ ယောက် ရှိပြီး ပြည်သူ့ဆေးရုံတွေက ၃၆၈ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၇၂၂ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၁၇၄၈ ယောက်ကို နေအိမ်တွေမှာ အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၈ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၆၁,၃၇၇ ယောက်၊ သေဆုံးသူ ၁,၄၂၀ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၄၅,၇၅၆ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေ ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ သန်း ၅၀ ကျော်၊ သေဆုံးသူ ၁ ဒသမ ၂ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၅ ဒသမ ၆ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။