မီးနင်းချောင်း စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၉ ဦး တွေ့ရှိ
DVB
·
November 8, 2020
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်ရှိ မြို့နယ်တွေကိုပြန်ပြီး မဲပေးမယ့်သူတွေကို ပဲခူးတိုင်းအဝင် မီးနင်းချောင်းစစ်ဆေးရေးဂိတ်မှာ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးရာမှာ လူ ၉ ဦး မှာ ပိုးတွေ့ရှိခဲ့ပါတယ်။
မနက် ၆ နာရီအချိန်ကစပြီး ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ မီးသတ်၊ ကြက်ခြေနီနဲ့ ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးတာတွေကိုလုပ်ဆောင်ပေးနေရာမှာ တွေ့ရှိခဲ့တာပါ။
သာယာဝတီမြို့နယ် အုပ်ချုပ်ရေးမှူးက "မနက် ၆ နာရီကနေ့စပြီး နေရပ်ပြန် မဲပေးတဲ့သူတွေကို ကျန်းမာရေးစစ်ဆေးတာတွေကို အခမဲ့လုပ်ပေးနေတာပါ။ မနက်ကနေ့ အခုအချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၉ ဦးရှိတယ်။ ရောဂါပိုးတွေ့တဲ့ သူတွေကိုတော့ သာယာဝတီခရိုင်ဆေးရုံကို ပို့ထားပါတယ်။ သူတို့ မဲပေးနိုင်ဖို့အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်နဲ့ ဆေးရုံအုပ်ကြီးတို့ ပူးပေါင်းဆောင်ရွက်ပေးနေတယ်"လို့ ပြောပါတယ်။
လွန်ခဲ့တဲ့ ၅ ရက်ကျော်က လှည်းကူးနဲ့ ရန်ကုန်စက်ရုံတွေမှာ အလုပ်လုပ်နေတဲ့ မိသားစုဝင်တွေမိမိတို့ နေရပ်ကိုပြန်လာခဲ့ရာမှာတော့ ကျေးရွာတွေက လက်မခံလို့ အိမ်ထောင်စု ၁၀ စု၊ လူဦးရေ ၄၀ ခန့် မီးနင်းချောင်းစစ်ဆေးရေးဂိတ်မှာ နေထိုင်နေရပြီး အနေအထိုင်၊ အစားအသောက် အခက်အခဲတွေ ဖြစ်နေပါတယ်။
သတင်း - မေသွယ်