ရမ်းဗြဲမြို့နယ်တွင် မဲလာပေးသည့် အဘိုးအို ၁ ဦး ရုတ်တရက်လဲကျသေဆုံး
DVB
·
November 8, 2020
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ရမ်းသစ်ချေကျေးရွာမှာ နိုဝင်ဘာ ၈ ရက်နေ့ မနက်က အထွေထွေရွေးကောက်ပွဲအတွက် မဲရုံကို မဲလာပေးတဲ့ အသက် ၇၀ ကျော်အရွယ် အဘိုးအို ၁ ဦး ရုတ်တရက်လဲကျသေဆုံးသွားခဲ့တယ်လို့ ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်း ဦးခင်ရီ ဒီဗီဘီကို ပြောပါတယ်။
“ရမ်းသစ်ချေကျေးရွာမှာ ဒီနေ့မနက် မဲရုံကို မဲလာပေးတဲ့ အသက် ၇၀ ကျော်လောက်ရှိပြီ။ မဲရုံကိုလာတဲ့အချိန်မှာ မူးလဲကျသွားတယ်၊ ပြီးရင်ဆုံးသွားတယ်လို့ သိရတယ်။ ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးသွားတာပေါ့။ သူမှာက သွေးတိုးရှိတယ်လို့တော့ ပြောကြတယ်။ ဆုံးသွားတဲ့သူကတော့ အမျိုးသား ၁ ဦးပေါ့။”
အခုလို မဲလာပေးတဲ့သူ ၁ ဦး သေဆုံးသွားတဲ့သတင်းမှာ မှန်ကန်တယ်လို့ ရမ်းဗြဲမြို့နယ် ရွေးးကောက်ပွဲကော်မရှင်ခွဲရုံး ဥက္ကဋ္ဌ ဦးကျင်သောင်းက ပြောပါတယ်။
“ကျနော်တို့ဆီကိုတော့ အဲဒီသတင်းက ရောက်မလာဘူး၊ အထွေထွေအုပ်ချုပ်ရေးရုံးဖက်ကို တော့ သတင်းရောက်တယ်။ ကျနော်တို့ ကော်မရှင်ဘက်ဆီကိုတော့ မဆက်သွယ်သေးဘူး၊ သတင်းအရတော့ မှန်တယ်လို့တော့ ပြောတယ်။”
ရမ်းဗြဲမြို့နယ်မှာ မဲပေးနိုင်သူဦးရေ ၈၀၆၅၈ ဦးနဲ့ မဲရုံပေါင်း ၁၇၆ ရုံရှိပါတယ်။
သတင်း - နောင်နောင်