Home
မြန်မာသတင်း
ညောင်လေးပင်ရှိ မဲရုံအချို့ နောက်ကျဖွင့်လှစ်၊ မဲရုံပြင်ပ၌ ကျန်းမာရေးစည်းကမ်း လိုက်နာမှု အားနည်း
DVB
·
November 8, 2020
124286830_2513614432264583_5354426166163654904_o
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့မှာ မဲရုံတချို့ မဲရုံဖွင့်တဲ့အချိန် နောက်ကျတာမျိုးတွေ ရှိပြီး မဲရုံပြင်ပမှာ မဲပေးခွင့်ရဖို့ တန်းစီရာမှာလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်နဲ့အညီ လိုက်နာမှုမရှိဘဲ တန်းစီ စောင့်ဆိုင်းနေရတာမျိုးတွေ ရှိကြပါတယ်။ မဲဆန္ဒရှင်​ပြည်သူတွေဟာ မဲပေးခွင့်ရဖို့ မဲရုံမဖွင့်လှစ်ခင် လာရောက် စောင့်ဆိုင်းနေကြပေမဲ့ ​ညောင်လေးပင်မြို့ မြို့မ (၃) ရပ်ကွက် ​ဆေးရုံရပ် မူလွန်​ကျောင်းမှာ ဖွင့်လှစ်ထားတဲ့ မဲရုံဟာ မဲရုံဖွင့်လှစ်ရမယ့် အချိန် ၆ နာရီထက် ၁၀ မိနစ် နောက်ကျပြီးမှ ဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မြို့ပေါ်ရပ်ကွက်က မဲရုံတချို့မှာတော့ မဲရုံအတွင်း ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လမ်းညွှန်ချက်နဲ့အညီ ၆ ပေခြားပြီး တန်းစီစောင့်​ဆိုင်းခဲ့ကြပေမဲ့ မဲရုံပြင်ပမှာတော့ မဲဆန္ဒရှင်တွေ နီးကပ်စွာ တန်းစီးနေကြရပါတယ်။ မဲရုံအတွင်းကိုသာ ထိန်းချုပ်နိုင်ပေမဲ့ မဲရုံပြင်ပကိုတော့ တာဝန်ရှိသူတွေ မထိန်းချုပ်နိုင်သလို မဲရုံပြင်ပမှာလည်း ကျန်းမာရေးညွှန်ကြားချက်နဲ့အညီ သတ်မှတ်ထားသင့်တယ်လို့ မဲလာရောက်ပေး သူ ဦးအောင်မျိုးဝင်းက ပြောပါတယ်။ ညောင်လေးပင်မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေ တိုးလာနေတဲ့အချိန်မှာ ခုလို နီးကပ်စွာ ထိတွေ့မှုတွေရှိနေတာကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့သွားမှာကို စိုးရိမ်မိ တယ်လို့လည်း သူက ဆိုပါတယ်။ “မဲလာပေးတဲ့သူတွေက များပါတယ်။ တချို့ဆို မနက် ၅ နာရီလောက်ကတည်းက တန်းစီနေကြတာ။ မြို့မ ၃ ရပ်ကွက်က မဲရုံကတော့ မဲရုံဖွင့်ချိန်ထက် နောက်ကျပြီးမှ ဖွင့်လှစ်နိုင်ခဲ့ တယ်။ မဲရုံဖွင့်ချိန်နောက်ကျတာဟာ ကော်မရှင်အဖွဲ့ခွဲနဲ့ မဲရုံမှူးတို့ စာရွက်စာတမ်း ပေးအပ်တာ၊ မဲရုံဖွင့်နိုင်ဖို့ ပြင်ဆင်နေရတာကြောင့် မဲရုံဖွင့်တဲ့အချိန်ထက် နောက်ကျသွားတာ ဖြစ်နိုင်တယ်” လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးလှမြင့်က ပြောပါတယ်။ မဲပေးပိုင်ခွင့်ရှိသူတွေ နီးကပ်စွာ တန်းစီနေတာကို ဖြေရှင်းဖို့ မဲရုံလုံခြုံရေးအဖွဲ့တွေက ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်အတိုင်း လိုက်နာကြဖို့ လိုက်လံ ပြောဆိုနေပါတယ်။ မဲရုံဖွင့်တဲ့အချိန်ထက် နောက်ကျတာနဲ့ပတ်သက်ပြီး မြို့မ (၃) ရပ်ကွက်၊ ​ဆေးရုံရပ် မူလွန်ကျောင်းမှာ ဖွင့်ထားတဲ့ မဲရုံက မဲရုံမှူးကို သွားရောက်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။ ညောင်လေးပင်မြို့နယ်မှာ မဲပေးပိုင်ခွင့်ရှိသူ ၁၆၄,၀၀၀ ကျော်ရှိပြီး ပါတီ ၈ ခုက ကိုယ်စားလှယ် ၂၆ ဦးနဲ့ တသီးပုဂ္ဂလ ၁ ဦးတို့က ဝင်ရောက်အရွေးခံ​နေတာ ဖြစ်ပါတယ်။ ညောင်လေးပင်မြို့နယ်မှာ ကြိုတင်မဲပေးခွင့်ရှိသူ သက်ကြီးဘိုးဘွား ၂၂,၀၀၀ ကျော်ရှိပါတယ်။  ပထမအကြိမ် မဲပေးခွင့်ရသူ အသက် ၁၈ နှစ်ပြည့်ပြီး လူငယ် ၂၀,၆၄၈၊ မသန်စွမ်း မဲပေးပိုင်ခွင့်ရှိသူ ၃၁၅ ဦး ရှိပါတယ်။ သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024