ဖြူးမြို့နယ် မဲရုံတခုတွင် ဆန္ဒမဲလက်မှတ် မှားယွင်းမှုဖြစ်
DVB
·
November 8, 2020
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်အတွင်းရှိ မဲရုံတခုမှာ လွှတ်တော်အလိုက် ဆန္ဒမဲလက်မှတ်တွေ ထုတ်ပေးရာမှာ မှားယွင်းထုတ်ပေးမှုတခု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဖြူးမြို့နယ် ရေပြာ မဲရုံအမှတ်-၁ မှာ တိုင်းဒေသကြီး ကိုယ်စားလှယ်အတွက် မဲလက်မှတ်ထုတ်ပေးရမှာကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မဲလက်မှတ် ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီမဲလက်မှတ်မှာ မဲဆန္ဒရှင်က ဆန္ဒမဲပေးပြီးသွားတဲ့အတွက် တိုင်းဒေသကြီးအတွက် ဆန္ဒမဲပေးခွင့် ဆုံးရှုံးခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းဒေသကြီး ၂ ကိုယ်စားလှယ်လောင်း ဦးအောင်မျိုးတင့်(ခ)ဦးမျိုးတင့်က ပြောပါတယ်။
ဖြူးမြို့နယ်အတွင်း မဲလက်မှတ် မှားယွင်းမှုတွေဟာ ကြိုတင်မဲ ကောက်ယူတုန်းကလည်း ၃ ကြိမ်လောက် ဖြစ်ပွားခဲ့ပြီး မှားယွင်းမှုတိုင်းမှာ တိုင်းဒေသကြီးလွှတ်တော်မဲလက်မှတ်တွေသာ ဖြစ်နေတာကြောင့် ကော်မရှင်ကို မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ဆိုပါတယ်။
မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းလင်းကတော့ မဲလက်မှတ် မှားယွင်းခဲ့တာ မှန်ကန်ပြီး အခုလို မှားယွင်းမှုဖြစ်ခဲ့တာဟာ ဆန္ဒမဲလက်မှတ်တွေကို သေချာမစစ်ဆေးခဲ့တာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။
ဖြူးမြို့နယ်အတွင်း မဲရုံတွေမှာ Mask တွေ ဝေငှတာနဲ့ လက်သန့်ဆေးရည်တွေ ထားရှိထားပြီး မဲလာပေးသူတွေကို ကျန်းမာရေးဝန်ထမ်းတွေက ကိုယ်အပူချိန်တိုင်းတာ လက်ဆေးခိုင်းတာတွေ ပြုလုပ်ပေးနေပေမဲ့ ကျန်းမားရေးဌာနရဲ့ ညွန်းကြားချက်နဲ့အညီ တန်းစီ မဲပေးရာမှာတော့ အားနည်းမှုတွေ ရှိတယ်လို့ သိရပါတယ်။
ဖြူးမြို့နယ်အတွင်းမှာ ၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီစုစုပေါင်း ၆ ပါတီနဲ့ တစ်သီးပုဂ္ဂလိက ကိုယ်စားလှယ်လောင်း ၁ ဦးတို့ ဝင်ရောက်အရွေးချယ်ခံနေပြီး ဆန္ဒမဲပေးကိုင်ခွင့်ရှိသူ ၂၁၀,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
သတင်း - ကျော်အောင်(ကညွှတ်ကွင်း)