မိုင်းဆတ်မြို့နယ်တွင် ပြည်သူ့လွှတ်တော်ဆန္ဒမဲလက်မှတ်စာအုပ် ၁ အုပ် ပျောက်ဆုံးနေ
DVB
·
November 7, 2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ် မိုင်းယွန်းတာကူးအုပ်စုအတွင်းရှိ ဟော်ဖင်ကျေးရွာ (ဝ) စာသင်ကျောင်း၊ မဲရုံအမှတ် ၅ က ထုတ်ယူသွားတဲ့ ပြည်သူ့လွှတ်တော် ဆန္ဒမဲလက်မှတ် ၁ အုပ် နိုဝင်ဘာလ ၇ ရက်နေ့မှာ ပျောက်ဆုံးနေပါတယ်။
ပြည်သူ့လွှတ်တော် ဆန္ဒမဲ အရွက် ၅၀ ပါ စာအုပ်အမှတ် (၀၆၉၂) ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက ဖော်ထုတ်ဆောင်ရွက်ပေးဖို့ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌနဲ့ မိုင်းဆတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်အေးသီတာမြင့်က ပြောပါတယ်။
“မဲစာအုပ်ပျောက်ဆုံးမှုဟာ သွေးရိုးသားရိုး မဟုတ်ပါဘူး။ ဒါကြောင့် မဲမသမာမှုလို့ ပြောလို့ရတယ်။ မဲလက်မှတ်ပေါင်း ၅၀ က ပြည်သူ့လွှတ်တော်ရဲ့ မဲလက်မှတ် ဖြစ်ပါတယ်။ မဲလက်မှတ် အစောင် ၅၀ မဲရုံမှာ ပျောက်သွားတာ ဘယ်သူ့မှာ တာဝန်ရှိသလဲ။ မဲလက်မှတ် ၅၀ က လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ မဲရလဒ်အဖြေ ဘယ်လောက်အထိ ပြောင်းလဲသွားနိုင်တယ် ဆိုတဲ့ အဖြေအတွက် အရေးကြီးတဲ့အချက် ဖြစ်တယ်။ ၁ မဲ အသာရသွားတာနဲ့ အနိုင် အရှုံး ဆုံးဖြတ်ပေးမယ့်မဲ ဖြစ်ပါတယ်။”
မဲစာအုပ်ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး မိုင်းဆတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဒေါ်လ်နယ်သိန်းကို ဖုန်းဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ မအားလပ်တဲ့အတွက် မဖြေကြားနိုင်သေးကြောင်းပြောပြီး ခရိုင်ကော်မရှင် အတွင်းရေးမှူးကို ဆက်သွယ် မေးမြန်းရာမှာတော့ ဖြစ်စဥ်မှန်ကန်ကြောင်း အတည်ပြုခဲ့ပြီး မြို့နယ်ကော်မရှင်ကိုသာ မေးမြန်းဖို့ ပြန်ဖြေကြားပါတယ်။
သတင်း - အောင်ဇေယျ