မိုင်းဆတ်မြို့နယ်၌ ငွေကျပ် သန်း ၁၀,၀၀၀ တန်ဖိုးရှိ ICE မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
October 6, 2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်မှာ ငွေကျပ် သန်း ၁၀,၀၀၀ တန်ဖိုးရှိတဲ့ ICE မူးယစ်ဆေးဝါးတွေကို သယ်လာသူတွေမမိဘဲ သိမ်းဆည်းရမိတယ်လို့ မူးယစ်ဆေးအလွဲသုံးမှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၄ ရက် မွန်းလွဲပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ သက်သေတွေနဲ့အတူ မိုင်းဆတ်မြို့၊ ကျအူဖုရား(တန့်ဆိုင်)ရွာနားမှာ တန့်ဆိုင်-မိုင်းဆတ် သွားလမ်းဘက်ကို မောင်းနှင်လာတဲ့ Vigo အမျိုးအစားမော်တော်ယာဉ်ကို စစ်ဆေးဖို့ ရပ်တန့်ခိုင်းခဲ့ပါတယ်။
စစ်ဆေးရေးအဖွဲ့ဆီကို မရောက်ခင်မှာပဲ ကားကို ရပ်တန့်ပြီး အမျိုးသား ၂ ယောက် ထွက်ပြေးသွားလို့ ပစ်ခတ်ဖမ်းဆီးပေမဲ့ လျှိုထဲကို ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
ကားကို စစ်ဆေးရာမှာတော့ တင်လာတဲ့ ဆာလာအိတ်တွေထဲက ICE မူးယစ်ဆေး အလေးချိန် ၅၀၀ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် သန်း ၁၀,၀၀၀) ကို တွေ့ရှိ သိမ်းဆည်းရမိပြီး မိုင်းဆတ်မြို့မ ရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေနဲ့ အမှုရေးဖွင့်ပြီး တရားခံ ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။
ဓာတ်ပုံ- CCDAC Myanmar