မုံရွာတည်းခိုခန်းတစ်ခုတွင် ကြိုးတန်းလန်းဖြင့် သေဆုံးပုပ်ပွနေသည့် လူသေအလောင်းတွေ့ရှိ
Aung Ko Latt
·
November 3, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်၊ ဆိပ်ကမ်းသာ တည်းခိုခန်းမှာ လည်ပင်းကြိုးတန်းလန်းနဲ့ ပုပ်ပွသေဆုံးနေတဲ့ အမျိုးသား အလောင်းတစ်လောင်းကို နိုဝင်ဘာ ၂ ရက် ညနေပိုင်းမှာ ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပါတယ်။
မုံရွာမြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ရဲအုပ်အောင်ထွန်းဝင်းက “သူ့မိသားစုရဲ့ ပြောပြချက်အရတော့ အိမ်က အမေနဲ့ စိတ်ဆိုးပြီး ထွက်သွားတာ ၄ ရက်လောက်ရှိပြီပြောတယ်။ အရင်ကလည်း သူက စိတ်အားငယ်တဲ့ ပုံစံမျိုးရှိတယ်လို့ သိရတယ်။ သေမှုသေခင်းအရ ရင်ခွဲစစ်ဆေးတော့လည်း ပြင်ပဒဏ်ရာဒဏ်ချက် တစုံတရာ မတွေ့ရပါဘူး။”လို့ ပြောပါတယ်။
သေဆုံးသူက ဗလာစာရွက်အပိုင်းအစတစ်ခုမှာ သူ့အမည်၊ နေရပ်၊ မိဘအမည်၊ အသက်တွေ ကိုလည်း ရေးသားခဲ့ပါတယ်။
စာရွက်မှာ ရေးသားချက်အရ သေဆုံးသူက အဲဒီတည်းခိုခန်းမှာ အလုပ်လုပ်နေတဲ့ မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ နယ်မြေ ၁၃ က အသက် ၂၀ နှစ်အရွယ် မောင်စည်သူစိုး (ဒုတိယနှစ်၊ သမိုင်း) ဖြစ်တယ်လို့ သိရပါတယ်။
တည်းခိုခန်းက ပိတ်ထားတာဖြစ်ပြီး ပတ်ဝန်းကျင်က အပုပ်နံ့ နံလို့ ရှာဖွေရာကနေ အခန်းတစ်ခုအတွင်း ကြိုးဆွဲချအနေအထားနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့ကလည်း မုံရွာမြို့၊ ကျောက်ဆောင်ဆိပ်၊ တာရိုးပေါ်မှာ သေဆုံးနေတဲ့ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ပါတယ်။