ကိုဗစ်-၁၉ လူနာသစ် ၁,၂၀၂ ဦးတွေ့ရှိ၊ သေဆုံးသူ ၂၄ ဦးထပ်တိုး
DVB
·
November 2, 2020
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၁၂,၀၂ ယောက် ထပ်မံတွေ့ရှိခဲ့ပြီး လူနာ ၂၄ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသူ ၂၄ ယောက်ထဲမှာ ၂၁ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နိုဝင်ဘာ ၁ ရက် ည ၈ နာရီမှ နိုဝင်ဘာ ၂ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၂,၂၂၆ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၁,၂၀၂ ယောက်ထပ်မံတွေ့ရှိခဲ့တာပါ။
လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။
တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနေ့ ဆေးရုံက ဆင်းခွင့်ရသူ ၁,၄၃၅ ယောက်ရှိပြီး ပြည်သူ့ဆေးရုံတွေက ၅၄၃ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၈၉၂ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ် ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၁၅၂၄ ယောက်ကို နေအိမ်တွေမှာ အသွား အလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၂ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၅၄,၆၀၇ ယောက်၊ သေဆုံးသူ ၁,၂၈၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၃၇,၉၅၄ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၆ ဒသမ ၉ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၂ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၃ ဒသမ ၉ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။