ကျောက်ဖြူဆေးရုံတွင် ရောဂါအခံမရှိသည့် ကိုဗစ်-၁၉ လူနာ ၁ ဦး သေဆုံး
DVB
·
November 1, 2020
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံယူနေတဲ့ အခြားရောဂါအခံမရှိတဲ့ ကိုဗစ်-၁၉ လူနာ အမျိုးသား ၁ ဦး ရောဂါပြင်းထန်တာကြောင့် ဒီနေ့မနက် သေဆုံးသွားတယ်လို့ သိရပါတယ်။
အသက် ၅၀ အရွယ် အမျိုးသားဟာ ကိုဗစ်ကူးစက်ခံရတာကြောင့် အောက်တိုဘာ ၂၀ ရက်နေ့က ကျောက်ဖြူဆေးရုံကြီးမှာ တက်ရောက်ကုသနေတာဖြစ်ပြီး တစ်ခြားရောဂါအခံမရှိဘဲ ကိုဗစ်ရောဂါ လက္ခဏာပြင်းထန်တဲ့အတွက် သေဆုံးသွားတာလို့ ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရဲလွင်မောင်က ဒီဗွီဘီကို ပြောပါတယ်။
“ကိုဗစ်ကြောင့် သေသွားတာပါ၊ တစ်ခြားရောဂါဘာမှမရှိပါဘူး။ အသက် ၅၀ ရှိပြီ၊ ယောကျ်ားပေါ့။ အဓိကကတော့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတာတွေကို တိတိကျကျလိုက်နာပေးဖို့ လိုအပ်တာပေါ့။”
ကျောက်ဖြူမြို့နယ်မှာ သြဂုတ် ၂၅ ရက်နေ့မှ နိုဝင်ဘာ ၁ ရက်နေ့မနက်အထိ ကိုဗစ်-၁၉ ကူးစက်ခံရသူစုစုပေါင်း ၃၄၉ ဦးရှိတဲ့အနက် ဆေးရုံဆင်းခွင့်ရသူ ၃၃၄ ဦးရှိပြီး သေဆုံးသူ ၁ ဦးနဲ့ ဆေးကုသမှုခံယူနေသူ ၁၄ ဦးရှိတယ်လို့ ဒေါက်တာရဲလွင်မောင်က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ကူးစက်ရောဂါကြောင့် သေဆုံးသွားသူတွေကတော့ စစ်တွေမြို့မှာ ၁၁ ဦး၊ မြောက်ဦးမြို့ ၂ ဦး၊ ပေါက်တောမြို့ ၂ ဦး၊ ကျောက်တော်မြို့ ၁ ဦး၊ ဘူးသီးတောင်မြို့ ၁ ဦးနဲ့ ကျောက်ဖြူမြို့မှာ ၁ ဦးအပါအဝင် သေဆုံးသူ ၁၈ ဦးထိရှိလာပြီလို့ သိရပါတယ်။
နောင်နောင်