ကိုဗစ်-၁၉ လူနာသစ် ၁,၄၀၆ ဦးတွင် ရန်ကုန်က ၁,၀၆၈ ဦး၊ အနံ့မရသူ ၁၆၈ ဦး ပါဝင်
DVB
·
October 29, 2020
မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၄၀၆ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၁,၀၆၈ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညနေ ၅ နာရီခွဲ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မင်္ဂလာဒုံက ၁၂၇ ယောက်၊ တောင်ဒဂုံက ၈၈ ယောက်၊ အင်းစိန်က ၈၇ ယောက်၊ မြောက်ဥက္ကလာပနဲ့ လှိုင်က အယောက် ၈၀ စီနဲ့ အများဆုံးတွေ့ရှိခဲ့ပြီး စုစုပေါင်း မြို့နယ် ၄၃ မြို့ နယ် ပါဝင်နေတာ ဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ ပဲခူးတိုင်း မြို့နယ် ၁၃ ခုမှာ ၆၃ ယောက်၊ မန္တလေးတိုင်းမြို့နယ် ၁၅ ခုမှာ ၆၉ ယောက်၊ မကွေးတိုင်းမြို့နယ် ၁၃ ခုမှာ ၇၁ ယောက်၊ ရခိုင်ပြည်နယ် မြို့နယ် ၉ ခုမှာ ၂၁ ယောက်၊ ဧရာဝတီတိုင်း မြို့နယ် ၈ ခုမှာ ၂၅ ယောက်၊ မွန်ပြည်နယ် မြို့နယ် ၃ ခုမှာ ၅ ယောက်၊ စစ်ကိုင်းတိုင်း မြို့နယ် ၂ ခုမှာ ၉ ယောက်၊ ကရင်ပြည်နယ် မြို့နယ် ၄ ခုမှာ ၆၃ ယောက်၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်က ၁ ယောက်၊ တနင်္သာရီတိုင်း မြို့နယ် ၂ ခုမှာ ၂ ယောက်၊ ကချင်ပြည်နယ် မြို့နယ် ၂ ခုမှာ ၂ ယောက်၊ ရှမ်းပြည်နယ် မြို့နယ် ၄ ခုမှာ ၇ ယောက်စီ အသီးသီး တွေ့ရှိခဲ့ပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၁၆၈ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ အောက်တိုဘာ ၂၈ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၄၉,၀၇၂ ယောက်၊ သေဆုံးသူ ၁,၁၇၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၂၈,၆၃၆ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၄ ဒသမ ၈ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၁ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၂ ဒသမ ၇ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။