Homeမြန်မာသတင်း
ပဲခူးစက်မှုဇုန် ကြိုပို့မော်တော်ယာဉ်များ အန်အယ်လ်ဒီ ဝန်းရံထောက်ခံ ကားကမ်ပိန်း ပြုလုပ်
ပဲခူးစက်မှုဇုန် ကြိုပို့မော်တော်ယာဉ်များ အန်အယ်လ်ဒီ ဝန်းရံထောက်ခံ ကားကမ်ပိန်း ပြုလုပ်
DVB
·
October 27, 2020
ပဲခူးစက်မှုဇုန် ကြိုပို့မော်တော်ယာဉ်များအသင်းကနေ အန်အယ်လ်ဒီပါတီကို ဝန်းရံထောက်ခံကြောင်းပြသတဲ့ ကားကမ်ပိန်း တခုကို အောက်တိုဘာ ၂၇ ရက် မနက်က ပြုလုပ်ခဲ့ကြပါတယ်။
အန်အယ်လ်ဒီ အောင်နိုင်ရေး ဝန်းရံထောက်ခံတဲ့ ယာဉ်တန်းကြီးက ပဲခူးနာဂဝဏ်ထိပ်ကနေ စထွက်ပြီး မဇင်း ၁ လမ်း ထိပ် မီးပွိုင့်ကနေ မြို့ရှောင်လမ်းအတိုင်း ပြန်ထွက်ပြီး ကလိမီးပွိုင့်ကနေ တဆင့် ဘုရားကြီးမြို့အထိ သွားရောက် လှည့်လည်ခဲ့ကြပါတယ်။
အဲဒီ ပဲခူးစက်မှုဇုန်မှာ ကြိုပို့ယာဉ်ပေါင်း ၆၅၂ စီးရှိပြီး ကားတွေအားလုံးနီးပါးက လိုက်လံ လှည့်လည်ချင်ပေမဲ့ ယာဉ်ကြောပိတ်ဆို့မှာ စိုးတဲ့အတွက် ကားအစီး ၂၀၀ နဲ့ပဲ လှည့်လည်ခဲ့တာ ဖြစ်သလို ကားပေါ်မှာလည်း ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ၂ ဦးကိုပဲ လိုက်ပါလှည့်လည်စေ ခဲ့တယ်လို့ စက်မှုဇုန် ကြိုပို့မော်တော် ယာဉ်များအသင်းဥက္ကဋ္ဌ ဦးကျော်မင်းထွန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ကလည်း ပဲခူးစျေးကြီးက အနှေးယာဉ်ဆိုက်ကားသမားတွေကနေ အန်အယ်လ်ဒီ ပါတီအောင်နိုင်ရေးတွက် ပဲခူးမြို့ပေါ်မှာ လှည့်လည်မှုတွေပြုလုပ်ခဲ့ကြပါတယ်။
သူတို့က ရွေးကောက်ပွဲမပြီးမခြင်း အပတ်စဉ် တနင်္ဂနွေနေ့တိုင်းလှည့်လည်မယ်လို့ ပဲခူးစျေးကြီးက အနှေးယာဉ်လုပ်သား ဦးမြင့်ဇော်က ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီကလည်း အောက်တိုဘာ ၂၇ ရက်နေ့မနက်က ပဲခူးမြို့နာရီစင်ပန်းခြံမှာ လူအင်အား ၁၀၀ လောက်နဲ့ အောင်နိုင်ရေး အလံလွှင့်ထူခဲ့ပါတယ်။
သတင်း - အောင်စိုးမိုး