အန်အယ်လ်ဒီ အလံကမ်ပိန်း ကွမ်းခြံကုန်းမြို့တွင် ပြုလုပ်
DVB
·
October 26, 2020
ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့က ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်မှာရှိတဲ့ နေအိမ်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အလံတွေစိုက်ထူပြီး အန်အယ်လ်ဒီ အလံကမ်ပိန်းကို အောက်တိုဘာ ၂၅ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီကမ်ပိန်းကို မြို့နယ်အဆင့်အနေနဲ့သာ ကွမ်းခြံကုန်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး အန်အယ်လ်ဒီ အလံအကြီး ၂၀၀ နဲ့ အသေး ၂၀၀ ကို ဒေသခံတွေရဲ့ အိမ်ရှေ့မှာ လိုက်လံစိုက်ထူပေးခဲ့တာပါ။
အလံစိုက်ထူတဲ့အခါ ပြည်သူတွေရဲ့ အိမ်ရှေ့မှာဖြစ်တဲ့အတွက် အိမ်ရှင်က ကြည်ကြည်ဖြူဖြူနဲ့ ခွင့်ပြုမှာသာ ဆောင်ရွက်တာဖြစ်တယ်လို့ ကွမ်းခြံကုန်းမြို့နယ်၊ တိုင်း(၁)လွှတ်တော်ကိုယ်စားလှယ်၊ ဦးမန်းအောင်ကိုမင်းက ပြောပါတယ်။
ကိုဗစ်ကာလဖြစ်တဲ့အတွက် ပါတီကိုယုံကြည်ရင်၊ ပါတီခေါင်းဆောင်အမေစုကို ယုံကြည်လေးစားတယ်ဆိုရင် လူစုလူဝေးကို ရှောင်ပြီး ကိုယ့်အိမ်ကနေ အလံစိုက်ထူကာ အားပေးဖို့ ဖော်ဆောင်တဲ့အနေနဲ့ ကမ်ပိန်းကို ပြုလုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ မြို့ရဲ့ အဓိကလမ်းမကြီးဖြစ်တဲ့ ဗိုလ်ချုပ်လမ်းမတစ်လျှောက်က အိမ်တွေမှာ စိုက်ထူထားပြီး ကျေးရွာတွေဆီ ဆက်လက်လုပ်ဆောင်ဖို့ရှိတယ်လို့လည်း သိရပါတယ်။
သတင်း- လွင်မိုးအောင်