ဦးကျော်သူ အပါအဝင် နာရေးကူညီမှုအသင်း (ရန်ကုန်)က ၃ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
ပိုင်စိုး
·
October 21, 2020
နာရေးကူညီမှုအသင်း (ရန်ကုန်)မှာ တာဝန်ယူ လုပ်ကိုင်နေသူတွေကို ဆေးစစ်ရာမှာ ဥက္ကဋ္ဌ ဦးကျော်သူအပါအဝင် ၃ ယောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတာ တွေ့ရတယ်လို့ အသင်း ဒုဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်က ဒီဗွီဘီကို ပြောပါတယ်။
“အားလုံးအယောက် ၇၀ စစ်တာပါ။ ကိုကျော်သူနဲ့ နောက် ၂ ယောက်မှာ တွေ့တယ်။ စေတနာ့ဝန်ထမ်းတွေပဲ။ ပြန်ကြားရေးမှာ တာဝန်ယူတဲ့သူပါတယ်။ ဒါပေမဲ့ အားလုံးက လိုအပ်ရင် အပြင်ထွက်ကြရတာပဲ” လို့ ပြောပါတယ်။
ဦးကျော်သူ အပါအဝင် ၃ ယောက်လုံးမှာ ကိုဗစ်-၁၉ ရောဂါလက္ခဏာ ဘာမှမပြဘဲ အခုတော့ ဆေးကုသမှုခံဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။
ဦးကျော်သူရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာမှာတော့ “တွေ့ပြီ... P တဲ့။ အများအတွက် မျိုးဆက်သစ်တွေကို ဦးဆောင် ပေးဆပ်ရင်းဖြင့် ကျဆုံးခဲ့ရမှုကို ကျေနပ် ပီတိဖြစ်စွာ လက်ခံလိုက်မိပါသည်။” လို့ ရေးသားထားပါတယ်။
နာရေးကူညီမှုအသင်း (ရန်ကုန်)ဟာ ကိုဗစ်-၁၉ ကူးစက်ခံလူနာတွေကို သက်ဆိုင်ရာဆေးရုံတွေကို ပို့ဆောင်ပေးတာတွေကို လုပ်ဆောင်နေသလို လုပ်နေကျဖြစ်တဲ့ သေဆုံးသူတွေကို သယ်ယူပို့ဆောင်ပေးတာ၊ ကျောက်ကပ်သန့်စင်တာနဲ့ ကိုဗစ်-၁၉ လူနာတွေကို ကုသပေးနေတဲ့ ဝေဘာဂီဆေးရုံကြီးကို နေ့စဉ် အောက်စီဂျင်အိုးတွေ သွားရောက်လှူဒါန်းပေးနေပါတယ်။