Homeမြန်မာသတင်း
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၁ သန်းကျော်ရှိ၊ သန်းချီကူးစက်ခံရသည့် နိုင်ငံ ၆ နိုင်ငံရှိ
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၁ သန်းကျော်ရှိ၊ သန်းချီကူးစက်ခံရသည့် နိုင်ငံ ၆ နိုင်ငံရှိ
DVB
·
October 21, 2020
တကမ္ဘာလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ ဒီနေ့ ညနေအထိ ၄၁ သန်းကျော်နဲ့ သေဆုံးသူက ၁ ဒသမ ၁ သန်း ကျော်ရှိပြီလို့ Worldometers ဝက်ဆိုက်မှာ ဖော်ပြပါတယ်။
ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၈ ဒသမ ၅ သန်းကျော်နဲ့ သေဆုံးသူ ၂၂၆,၁၆၉ ယောက်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၇ ဒသမ ၆ သန်းကျော်နဲ့ သေဆုံးသူ ၁၁၅,၉၅၀ ယောက်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၅ ဒသမ ၂ သန်းကျော်၊ သေဆုံးသူ ၁၅၄,၈၈၈ ယောက်နဲ့ ထိပ်ဆုံးမှာ အသီးသီး ရပ်တည်နေပါတယ်။
အဲဒီ ၃ နိုင်ငံနောက်မှာတော့ ရုရှားနိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁ ဒသမ ၄ သန်းကျော်နဲ့ သေဆုံးသူ ၂၄,၉၅၂ ယောက်၊ စပိန်နိုင်ငံက ကူးစက်ခံရသူ ၁ သန်း ကျော်နဲ့ သေဆုံးသူ ၃၄,၂၁၀ ယောက်၊ အာဂျင်တီးနားနိုင်ငံက ကူးစက်ခံရသူ ၁ သန်းကျော်၊ သေဆုံးသူ ၂၇,၁၀၀ ယောက်စီနဲ့ ရပ်တည်နေပါတယ်။
ဒါကြောင့်မို့ လတ်တလောအချိန်ထိ ကမ္ဘာတဝန်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၆ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈၅,၇၁၅ ယောက်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၄ ယောက်နဲ့ နိုင်ငံအလိုက် အမှတ်စဉ် ၅၄ နေရာထိ ကျဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။
အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့်ဆုံး အိန္ဒိယနိုင်ငံ ပြီးရင် အီရန်၊ အီရတ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက ကူးစက်ခံရသူ ဦးရေ ၅၃၉,၆၇၀ ယောက်၊ ၄၃၄,၅၉၈ ယောက်၊ ၃၉၁,၅၈၆ ယောက်စီနဲ့ အသီးသီး ရှိနေပါတယ်။
အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူဦးရေ ၃၆၈,၈၄၂ ယောက်နဲ့ သေဆုံးသူ ၁၂,၇၃၄ ယောက်၊ ဖိလစ်ပိုင်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ဦးရေ ၃၆၂,၂၄၃ ယောက်နဲ့ သေဆုံးသူ ၆,၇၄၇ ယောက်နဲ့ ထိပ်ဆုံးမှာ ရှိနေခဲ့ပါတယ်။
စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၇,၉၃၃ ယောက်နဲ့ သေဆုံးသူ ၂၈ ယောက် ရှိနေတာ ဖြစ်ပါတယ်။
လတ်တလော ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံကတော့ အောက်တိုဘာ ၂၀ ရက်ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၃၈,၅၀၂ ယောက်၊ သေဆုံးသူ ၉၄၅ ယောက်နဲ့ အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။
မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၂၂,၂၂၅ ယောက်နဲ့ သေဆုံးသူ ၁၉၃ ယောက် ရှိပါတယ်။
မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၃,၇၀၉ ယောက်နဲ့ ခုရက်ပိုင်းအတွင်း သေဆုံးသူ ထပ်တိုးမလာဘဲ ၅၉ ယောက် ရှိပါတယ်။
ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၁၄၁ ယောက်နဲ့ သေဆုံးသူ ၃၅ ယောက် ရှိနေပြီး ဘရူနိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၁၄၇ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေတာပါ။
ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၈၆ ယောက်နဲ့ ၂၃ ယောက် အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။