Home
မြန်မာသတင်း
ဘုရားသုံးဆူ နယ်စပ်ဂိတ်ကို ထိုင်းအစိုးရက ၂ ပတ် ထပ်တိုးပိတ်ထား 
နန်းမြနဒီ
·
October 21, 2020
ဘုရားသုံးဆူ နယ်စပ်ဂိတ်
မြန်မာနိုင်ငံနယ်စပ်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ  ၁ ဦးတွေ့ရှိကြောင်း  သတင်းတွေ ထွက်ပေါ်ပြီးတဲ့နောက် ထိုင်းအာဏာပိုင်တွေက ဘုရားသုံးဆူနဲ့ ကပ်နေတဲ့ နှစ်နိုင်ငံ နယ်စပ် အဝင်အထွက်ဂိတ်ကို နောက်ထပ် ၁၄ ရက် ထပ်မံတိုးမြှင့် ပိတ်ထားလိုက်ပါတယ်။  လတ်တလောမြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုနှုန်း မြင့်မားနေပြီး ဘုရားသုံးဆူဘက်မှာလည်း အသက် ၂၂ နှစ်ရွယ် အမျိုးသမီး ၁ ဦး ရောဂါကူးစက်ခံထားတာကြောင့် ဆန်ခရပူရီမြို့နယ်၊ နောင်လူးအုပ်စုထဲမှာရှိတဲ့ နယ်စပ်ဘုရားသုံးဆူဂိတ်ကို အောက်တိုဘာ ၂၀ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ၁၄ ရက်ကြာ ထပ်မံတိုးမြှင့်ပိတ်ပင်ဖို့ ကန်ကျနပူရီခရိုင်ဝန်က ညွှန်ကြားလိုက်တယ်လို့   amarintv  ထိုင်းသတင်းမှာ ဖော်ပြပါတယ်။  အဆိုပါညွှန်ကြားချက်အရ  လူတွေရော မော်တော်ကားအမျိုးမျိုးနဲ့ ကုန်ပစ္စည်းတွေပါ ဖြတ်သန်းသွားလာ သယ်ဆောင်ခွင့် ပိတ်ပင်လိုက်တာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းချက်ကို ဖောက်ဖျက်ပါက ကူးစက်ရောဂါကာကွယ်ရေး ဥပဒေအရ ၁ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ဘတ်ငွေ ၁ သိန်းထက်မပိုတဲ့ ငွေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်ရောငွေဒဏ်ပါ နှစ်ရပ်လုံး ကျခံရမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကိုဗစ်-၁၉ ကာလအရေးပေါ်ဥပဒေနဲ့လည်း အရေးယူနိုင်ပြီး အရေးပေါ်အခြေအနေအရ ထုတ်ပြန်တဲ့ ဥပဒေကိုဖီဆန်ရင်တော့ ၂ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်၊ ဒါမှမဟုတ် ဘတ် ၄ သောင်းထက်မပိုတဲ့ ငွေဒဏ်၊ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံး ကျခံရမယ်လို့ ဆိုပါတယ်။  အလားတူ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီတဘက်ကမ်း မဲဆောက်မြို့မှာလည်း မြန်မာနိုင်ငံသား ၅ ဦး ကိုဗစ်-၁၅ ကူးစက်ခံထားရတာကို တွေ့ရှိပြီးတဲ့နောက် မဲဆောက်အပါအဝင် နယ်စပ်မြို့နယ် ၄ ခုရှိ အဝင်အထွက်ဂိတ်တွေ ပိတ်ထားတယ်လို့ AEC အာဆီယံသတင်းမှာ ဖော်ပြပါတယ်။ အဆိုပါ မြန်မာနိုင်ငံသား ၅ ဦးဟာ ကုန်တင်ကားနဲ့ဝင်လာတဲ့ အမျိုးသား ၂ ဦးနဲ့  မြဝတီကနေ ကားမောင်းပြီး မဲဆောက်ရှိ မိဘတွေထံ လာရောက်တည်းခိုသူ လူရွယ် ၁ ဦး၊ သူ လာတည်းတဲ့ အိမ်က အသက် ၁၀ နှစ်အောက် ကလေး ၁ ယောက် အပါအဝင် အိမ်သား ၂ ဦးတို့ ဖြစ်တယ်လို့  မဲဆောက်ဆေးရုံကြီးက အောက်တိုဘာ ၁၈ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။  အခုလို ကိုဗစ်-၁၉ လူနာတွေ့ရှိတဲ့နောက် အဆိုပါလူနာတွေ ထိတွေ့သွားလာခဲ့တဲ့ ကုန်တိုက် အပါအဝင် နေရာပေါင်း ၅ ခုက ဝန်ထမ်းပေါင်း ၁၅၀၀ ကျော်ကို ကျန်းမာရေးဌာနက ကိုဗစ်- ၁၉ ပိုး စစ်ဆေးခဲ့ပါတယ်။ ဒါ့အပြင် မြဝတီက လူငယ်လာတည်းခဲ့တဲ့ ဘန့်ထုန့်ထောင်းရပ်ကွက်ကို အဝင်အထွက် ပိတ်ဆို့ပြီး လော့ဒေါင်းချထားလိုက်ပါတယ်။  မဲဆောက်မှာ ပိုးတွေ့လူနာတွေ့ပြီးတဲ့နောက် လူတွေ အပြင်သိပ်မထွက်ကြတော့သလို နယ်စပ်ဂိတ်လည်း ပိတ်ထားတာကြောင့် ကုန်စည်စီးဆင်းမှုမရှိဘဲ တမြို့လုံး ခြောက်ကပ်နေပါတယ်။  ထိုင်းကနေ မြန်မာဘက် ပြန်ဝင်မယ့်သူတွေကိုတော့  ပြန်ခွင့်ပြုထားပြီး ပြန်တဲ့သူ နေ့စဉ်လူ ၁၀၀ ကျော်ရှိတယ်လို့ မဲဆောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။   ကိုးကား- ဓာတ်ပုံ- Amarintv
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024