ဒီးမော့ဆိုတွင် ပြည်နယ်အခြေစိုက်ပါတီ ၂ ခု၏ ဆိုင်းဘုတ်ဖျက်ဆီးခံရ
DVB
·
October 19, 2020
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းက ကယန်းအမျိုးသားပါတီနဲ့ ကယားပြည်နယ်ဒီမိုကရက်တီပါတီ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ဆိုင်းဘုတ် အောက်တိုဘာ ၁၈ ရက်နေ့က ဖျက်ဆီးခံခဲ့ရပါတယ်။
ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းက ဆောင်ဒူရွာက ဆိုင်းဘုတ် ဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး ဖျက်ဆီးသူတွေဟာ ရပ်ကျေးအဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေဖြစ်တယ်လို့သိရကြောင်း ဒီမော့ဆိုမြို့နယ်က ပါတီရုံးအဖွဲ့မှူး ခွန်းသောမတ်က ပြောပါတယ်။
“ဟုတ်တယ်သူက ရပ်ကျေးက ကော်မရှင်အဖွဲ့ဝင်လည်းဟုတ်သလို အန်အယ်ဒီပါတီရဲ့ အမာအခံလည်းဟုတ်နေတယ်ပေါ့လေ။ ကျနော်တို့ပါတီကိုထောက်ခံတဲ့လူတွေ၊ တချို့ရွာသားတွေရဲ့ ပြောစကားအရဆိုရင် သူကိုယ်တိုင်ပဲလုပ်နေတယ်ပေါ့လေ။ ကျနော်တို့ဆီမှာတော့ အသံဖိုင်တွေ၊ ဓာတ်ပုံတွေ သက်သေအများကြီးရှိတာပေါ့။ ”
အဆိုပါ ဆိုင်းဘုတ်မှာ ကယန်းအမျိုးသားပါတီ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) ကိုယ်စားလှယ်လောင်း ခွန်းမြင့်နိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်အယ်လ်မာနဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း စောခူးတလေ (ခ) ပိုးရယ်တို့ရဲ့ ရုပ်ပုံနဲ့ အကြောင်းတွေရေးထားတာဖြစ်ပြီး အဲဒီဆိုင်းဘုတ်ကို အောက်ခြေကနေ ခုတ်လှဲထားတာလို့ ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရပ်ကျေးကော်မရှင်အဖွဲ့ကို အသိပေးထားပြီးဖြစ်ပြီး နောက်နောင်ဒါမျိုး တွေမလုပ်မိအောင် တိတိကျကျ သတိပေးဖို့ ပြောဆိုခဲ့ကြောင်းနဲ့ ကော်မရှင်ဘက်လည်း ရဲအရေးပိုင် အမှုဖြစ်တာကြောင်း ရဲကိုတိုင်ဖို့ အကြောင်းပြန်ခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ရွာသားချင်းဖြစ်တာမို့ အမှုမဖွင့်ဘူးလို့ ပြောပါတယ်။
“ အချင်းချင်းပဲဖြစ်နေတယ်ပေါ့လေ။ တရွာချင်းသားတွေပဲ။ ထောက်ခံတဲ့ပါတီချင်းမတူတာ တခုပဲပေါ့လေ။ ဒါပေမဲ့ မတူတိုင်းက အဲလိုဖြစ်တယ်ဆိုရင်တော့ ဒါပြဿနာရှိတယ်ပေါ့။ နောက်နောင် အဲလိုဟာမျိုးမဖြစ်အောင် ကျနော်ကတော့အမှုတွေဘာတွေ ဖွင့်မှာမဟုတ်ဘူး။ ကျနော်တို့အနေနဲ့ ရိုးရိုးသားသားပဲ ယှဉ်ပြိုင်မယ်။ သူများကို နစ်နာစေချင်တဲ့ဟာမျိုးနဲ့ ကျနော်တို့က ယှဉ်ပြိုင်တာ မဟုတ်ဘူးပေါ့လေ။ ဆိုတော့ အဲတိုင်းပဲ သူတို့ကို ပြောပြလိုက်တယ်ဗျာ။”
ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းကလည်း ဖရူဆိုမြို့နယ် နန်းဖြကျေးရွာမှာလည်း ပါတီ ၂ ခုရဲ့ ပူးပေါင်းစိုက်ထူထားတဲ့ကိုယ်စားလှယ်လောင်းမဲဆွယ် ဆိုင်းဘုတ် ဖျက်ဆီးခံခဲ့ရကြောင်း ပြောပါတယ်။
အောက်တိုဘာ ၉ ရက်နေ့တုန်းကလည်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီရဲ့ မဲဆွယ်ပိုစတာရှိ ကိုယ်စားလှယ်လောင်းတွေရဲ့ ပုံကို ဆေးမည်းမှုတ် ဖျက်ဆီးမှုဖြစ်ပွားခဲ့ပါတယ်။
ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူးက “ ရွေးကောက်ပွဲက ပြိုင်နေတဲ့ဟာတွေ ပြင်းထန်လာတယ်။ ကျနော်တို့နားလည်သလောက်ပြောရရင် ကျနော်တို့တိုင်းရင်းသားပါတီတွေက အခြေအနေတွေကောင်းလာတယ်။ အဲဒီလိုနေရာမျိုးမှာ တခြားပါတီဘက်က ကျနော်တို့ကို ပြိုင်ဖို့ အားနည်းသွားတဲ့အချိန်မျိုးမှာ ကျနော်တို့ပေါ်မှာ ဆိုင်းဘုတ်ဖျက်တာတို့၊ ကျနော်တို့ရဲ့ စီတန်းလှည့်လည်မှုမှာ နှောင့်ယှက်တာတို့၊ ကျနော်တို့ကို တလျှောက်လုံး ထိုးနှက်မှုတွေများလာတယ်လို့ ကျနော်တို့ အတိအကျတွေ့ထားတာပေါ့နော်။ အဲတော့ အခုလိုမျိုး ဆိုင်းဘုတ်ဖျက်တဲ့ လုပ်ရပ်တွေကတော့ အင်မတန်မှ အောက်တန်းကျတယ်။ ဒါမဖြစ်သင့်ဘူး။ ”
ကယားပြည်နယ်နယ်အခြေစိုက်ပါတီတွေဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနဲ့ ကယားအမျိုးသားပါတီဟာ မဟာမိတ်ပြုလုပ်ထားပြီး ပြည်နယ်အတွင်း မဲဆန္ဒနယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။