မဲပေးနည်းမှန်ကန်စေရန် လောင်းလုံးမြို့နယ်၌ အိမ်တိုင်ရာရောက် သရုပ်ပြသင်ကြား
DVB
·
October 19, 2020
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာမှာ လူငယ်တွေဦးဆောင်ပြီး မဲပေးနည်းမှန်ကန်စေဖို့ နမူနာ မဲလက်မှတ်တွေ တံဆိပ်တုံးတွေနဲ့ သရုပ်ပြ အသိပညာပေးမှုကို အောက်တိုဘာ ၁၈ ရက်နေ့က စတင်ကာ အိမ်တိုင်ရာရောက် ပြုလုပ်ပေးနေပါတယ်။
ရွေးကောက်ပွဲကျင်းပဖို့ အချိန်နီးလာပြီဖြစ်ပေမယ့် မဲပေးနည်း မသိသေးတဲ့သူတွေ ရှိနေသေးတာကြောင့် ပယ်မဲမဖြစ်အောင် အခုလို အိမ်တိုင်ရာရောက် သရုပ်ပြပညာပေးမှုတွေ လုပ်ဆောင်ရတာလို့ အသိပညာပေးလုပ်ဆောင်သူတွေက ပြောပါတယ်။
သူတို့အဖွဲ့ဟာ ပြီးခဲ့တဲ့ တပတ်ကျော်ကျော်လောက်က မဲစားရင်းသွားစစ်ကြဖို့ကိုလည်း အိမ်တိုင်ရာရောက် အခုလို သွားရောက်လှုံ့ဆော်ပေးခဲ့ကြပြီး မဲစားရင်းမှားယွင်းနေတာတွေ အယောက် ၅၀ နီးပါးလောက် ရှိသေးတယ်လို့ ဆိုပါတယ်။
အခုလို မဲပေးနည်းသင်ကြားပေးတာကို လောင်းလုံးမြို့နယ် နေရာအတော်တော်များများမှာ အသိပညာပေးလုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။
သတင်း - ကောင်းထက်အောင်