ကျုံပျော်တွင် မဲဆွယ်ယာဉ်တန်းလိုက်ပါသူအမျိုးသမီး ၁ ဦး ယာဉ်မတော်တဆမှုကြောင့် သေဆုံး
DVB
·
October 19, 2020
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ အောက်တိုဘာလ ၁၈ ရက်နေ့က NLD မဲဆွယ်ယာဉ်တန်းလိုက်ပါခဲ့တဲ့ အမျိုးသမီး ၁ ဦး ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကျုံပျော်မြို့မစခန်းမှူး ဒုရဲမှူး ကျော်ခိုင်က “အဲ့ဒီအမျိုးသမီးက ဆိုင်ကယ်နဲ့ ကားကို ကျော်တက်တယ်။ အဲ့လို ကျော်တက်ချိန်မှာ ကားနဲ့ ဆိုင်ကယ်ဘက်မှန်နဲ့ ချိတ်မိတော့ ဆိုင်ကယ်က လဲသွားပြီး လူပါလဲကျသွားတယ်။ အဲဒီအချိန်မှာ ကားနောက်ဘီးက အမျိုးသမီးကို ကြိတ်မိသွားတာ” လို့ ပြောပါတယ်။
သေဆုံးခဲ့တဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးဟာ အသုတ်မြို့မှာနေထိုင်သူဖြစ်ပြီး အသုတ် - ကျုံပျော် ကားလမ်း၊ သပြေကွင်းအုပ်စု၊ ကိုင်းတောကျေးရွာအနီးမှာ ယာဉ်တန်းမှာ လိုက်ပါလာတဲ့ ကံထူးအောင် မီနီဘတ်စ်ယာဉ်နဲ့ မတော်တဆ ကြိတ်မိပြီး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲဒီအမျိုးသမီးသေဆုံးမှုနဲ့ပတ်သက်ပြီး ကံထူးအောင် မီနီဘတ်စ်ယာဉ်မောင်းကို ဥပဒေအရ အရေးယူသွားဖို့ ကျုံပျော်မြို့မရဲစခန်းက ဆောင်ရွက်နေတယ်လို့ ရဲတပ်ဖွဲ့ဆီက သိရပါတယ်။
မင်းထက်မုန်း(ပုသိမ်)