ကိုဗစ်-၁၉ ပိုးတွေ့ မြန်မာ ၅ ဦး နေသည့် မဲဆောက်မြို့ ထုံထောင်းရပ်ကွက်ကို လော့ဒေါင်းချ
DVB
·
October 18, 2020
ကရင်ပြည်နယ် မြဝတီမြို့တဘက်ကမ်းက မြန်မာတွေရှိတဲ့ မဲဆောက်မြို့ ထုံထောင်းရပ်ကွက်မှာ ကိုဗစ်-၁၉ လူနာ ၅ ယောက်တွေ့ပြီးနောက်ပိုင်း ဒီနေ့ကစပြီး လော့ဒေါင်း ၇ ရက်ချ ပိတ်ထားလိုက်ပါတယ်။
အဲဒီရပ်ကွက်မှာ ထိုင်းနဲ့ မြန်မာရွှေ့ပြောင်းနေထိုင်သူ အိမ်ခြေ ၆၅၀ လောက်ရှိပြီး ထိုင်းနိုင်ငံသားတွေအနေနဲ့ကတော့ အပြင်ကို သွားလာဖို့လိုအပ်ရင် ကျန်းမာရေးစစ်ချက်ယူပြီး အဝင်ထွက်မှတ်တမ်းနဲ့ ထွက်လို့ရတယ်လို့ သိရပါတယ်။
ထုံထောင်းရပ်ကွက် အဝင်ထွက်လုပ်လို့ရတဲ့ နေရာ ၆ ခုကို ထိုင်းစစ်တပ်၊ ရဲ၊ အုပ်ချုပ်ရေးဌာန၊ စည်ပင်ဌာန၊ စေတနဝန်ထမ်းနဲ့ တခြားဌာနတွေ ပူးပေါင်းလုပ်ဆောင်နေပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာပါ။
ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်နဲ့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဖြစ်တဲ့ Mr.Anutin Charnvirakul နဲ့ တခြားဌာနဆိုင်ရာတာဝန်ရှိသူတွေကလည်း လာရောက်အားပေးစကားပြောပြီး လိုအပ်တာတွေ ထောက်ပံ့ပေးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်တာ များနေလို့ မြန်မာဘက်က လူတွေအဝင်မခံဖို့ မဲဆောက်မြို့သားတွေ ၂ ကြိမ်ဆန္ဒပြခဲ့ကြပြီး လက်ရှိမှာတော့ ချစ်ကြည်ရေးတံတားအမှတ်-၂ ကို ပိတ်ထားပါတယ်။
ဖိုးစီ