Home
အနုပညာ
အေးချမ်းမေ သီချင်းကို အိုင်ရင်းဇင်မာမြင့် သီဆိုဟန်ဖြင့် ရှုစားနားဆင်ရမည့် “သီချင်းဧည့်သည်” (ရုပ်သံ)
DVB
·
October 17, 2020
Irene Zin Mar Myint
ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်ဂုဏ်ပြုအထိမ်းအမှတ် ဂီတဖျော်ဖြေပွဲတွေကို မြန်မာ့ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်ပြသနေပြီး ခုတပတ်ရဲ့ ဖျော်ဖြေပွဲအ မှတ်စဉ် ၁ မှာတော့ တေးသံရှင် အိုင်ရင်းဇင်မာမြင့်က တက္ကသိုလ်အမှတ်တရ နာမည်ကြီးသီချင်းတပုဒ်နဲ့ ဖျော်ဖြေသွားခဲ့ပါတယ်။ ချိုအေးကြည်မြတဲ့ အသံနဲ့ ပရိသတ် ချစ်ခင်အားပေးမှုတွေ ရရှိထားခဲ့တဲ့ တေးသံရှင် အိုင်ရင်းဇင်မာမြင့် သီဆိုခဲ့တဲ့ သီချင်းကတော့ “သီချင်းဧည့်သည်”ဖြစ်ပြီး အဲဒီသီချင်းကိုတော့ တေးရေး စတုန်းက ရေးစပ်ပေးထားခဲ့ပြီး အေးချမ်းမေက မူရင်းသီဆိုခဲ့တာ ဖြစ်ပါတယ်။ ခုတခါမှာတော့ ဒီသီချင်းကို အိုင်ရင်းဇင်မာမြင့်ရဲ့ သီဆိုမှုပုံစံတမျိုးနဲ့ ပရိသတ်တွေက ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။ “အဆောင်ရှေ့က သီချင်းသံ… တမ်းတနေမိတယ်… ဟိုအရင်အချိန်လေး ဒီလို ညတွေ သူရှိတယ်… လေထဲမှာလွင့်… သူ့သီချင်းသံလေး တမ်းတမိနေတယ်…  အချိန် တွေကုန်လို့… အချစ်ရောက်မလာရင် ဆွေးရတယ်… တို့ကျောင်းသွားတဲ့အခါ… တို့ နောက်မှာ အရိပ်လို မြင်သာရုံလေး… ကွယ်ရာတခုမှာ သူကြည့်နေ… ဖွင့်မပြောပေမယ့် တို့နားလည်တယ်… သူ့အဖြစ်တွေကို… ကြာလာတော့လည်း နှလုံးသားလေးမှာ တိုးတိတ်ငြိတွယ်” အသက် ၃၀ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အိုင်ရင်းဇင်မာမြင့်ဟာ အချစ်အလွမ်းသီချင်း ချိုချိုအေးအေးတွေရော၊ ခပ်မြူးမြူး သီချင်းတွေနဲ့ပါ ပရိသတ်ကို ဖမ်းစားထားနိုင်တဲ့ တေးသံရှင်တဦး ဖြစ်ပါတယ်။ နာမည်ကြီး အဆိုတော်များစွာ မွေးထုတ်ပေးခဲ့တဲ့ The Best Of Melody World 2018 သီချင်းဆိုပြိုင်ပွဲကနေတဆင့် ဂီတလောကထဲ ရောက်ရှိလာခဲ့တဲ့ အိုင်ရင်းဇင်မာမြင့် ဟာ အတွဲသီချင်းအယ်လ်ဘမ်တွေ၊ အုပ်စုလိုက်သီချင်းအယ်လ်ဘမ်တွေအပြင် တကိုယ်တော် တေးသီချင်းအယ်လ်ဘမ်တွေဖြစ်တဲ့ ယိမ်းလိုက်၊ ချစ်လို့၊ MAR စတဲ့ အယ်လ်ဘမ် ၃ ချပ်ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ သူ့ရဲ့ နှလုံးသား အရင်းအနှီး သီချင်းဟာဆိုရင် ၂၀၁၃ ခုနှစ်၊  ရွှေအက်ဖ်အမ်က ရွေး ချယ်ချီးမြှင့်တဲ့ ပရိသတ်တောင်းဆိုမှု အများဆုံးသီချင်းဆုအဖြစ်  ရွေးချယ်ခံခဲ့ရပါတယ်။ ချမ်းချမ်း၊ ဇမ်နူးတို့နဲ့ တွဲပြီး ထွက်ရှိခဲ့တဲ့ အချစ်ထက်မက၊ မြင့်မြတ်၊ ကောင်းကောင်းတို့နဲ့ တွဲပြီး ထွက်ရှိခဲ့တဲ့ ဘဝတကွေ့စတဲ့ အတွဲသီချင်းအယ်လ်ဘမ်တွေဟာလည်း သူ့ရဲ့ မှတ်တိုင်တွေ ဖြစ်ခဲ့ပါတယ်။ သူဟာ ၂၀၁၈ ခုနှစ်မှာ နောက်ဆုံးထွက်ရှိခဲ့တဲ့ MAR တေးအယ်လ်ဘမ်နဲ့ တနှစ်တာအတွင်း ဂီတထူးချွန်ဆုတွေ ပေးအပ်ချီးမြှင့်တဲ့ စီးတီးအက်ဖ်အမ်ရဲ့ ဆုချီးမြှင့်ပွဲမှာ ရောင်းအားအကောင်းဆုံး စတီရီယိုတေးစီးရီးသီဆိုသူ(အမျိုးသမီး)တေးသံရှင်ဆုကို ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။ “အခုတော့ဘယ်ဆီများ… ပြေးပုန်းနေလဲကွယ်… အချစ်ရိပ်တွေလည်း ရှာနေရ တာ ရင်မောတယ်… ဒီသီချင်းသံလေး ဒီအရိပ်ပုံလေး… မရှိခဲ့ရင်လေ… ရှင်သန်မှုများ တို့ ရဲ့တနေ့တာ ခြောက်သွေ့လွန်းတယ်… ကြုံကြိုက်တဲ့သဘောနဲ့ တို့ရဲ့အဆောင်ရှေ့ကို သူလာမှာလား… မျှော်နေမိတယ် သိလားကွယ်… ရင်ဖွင့်နေတဲ့ သူ့သီချင်းသံလေး မကြား ရရင်လေ… သန်းခေါင်ယံညများ… တမျိုးလေး ရင်ကိုနှိပ်စက်တယ်” ဒီဂီတဖျော်ဖြေပွဲမှာတော့ တေးသီချင်းအပုဒ် ၁၀၀ ကို အပတ်စဉ်သောကြာနေ့ည သတင်းအပြီး ည ၉ နာရီအချိန်မှာ ထုတ်လွှင့်ပေးသွားမှာဖြစ်ကာ မြန်မာ့ရုပ်မြင်သံကြား ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ပထမသီတင်းပတ်အနေနဲ့ ဖျော်ဖြေပွဲမှာတော့ ဝါရင့်တေးသံရှင်ကြီးတွေ ဖြစ်ကြတဲ့ မြန်မာပြည်သိန်းတန်၊အောင်နိုင်၊ ဟေမာနေဝင်းတို့နဲ့အတူ ချမ်းချမ်း၊ အိုင်ရင်းဇင်မာမြင့်၊ နေမင်းအိမ်၊ ထွန်းနောင်ဆင့်၊ နန်းဆုဦး စတဲ့ တေးသံရှင်တွေက တက္ကသိုလ်ဖွဲ့ အမှတ်တရ သီချင်းတွေနဲ့ ပါဝင်ဖျော်ဖြေသွားခဲ့ကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013