ကွမ်းခြံကုန်းတွင် စည်ပင်ဝန်ထမ်း ၁ ဦး ကိုဗစ်ကူးစက်ခံရ၊ ဝန်ထမ်းများကို အသွားအလာကန့်သတ်
DVB
·
October 17, 2020
ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့မှာ အောက်တိုဘာ ၁၆ ရက်နေ့က RDT Test Kit နဲ့ စစ်ဆေးရာမှာ မြို့နယ်စည်ပင်သာယာရေးကော်မတီက ဝန်ထမ်းတဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ သိရပါတယ်။
သူဟာ အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့တဲ့အတွက် ကွာရန်တင်းထားရှိထားသူဖြစ်ပြီး ဆေးကုသမှုခံယူဖို့ ဖောင်ကြီးကုသရေးဆေးရုံကို ပို့ဆောင်ထားတယ်လို့လည်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။
သူ့မိသားစုဝင် ၇ ဦးကို ကွာရန်တင်းထားရှိထားပြီး စည်ပင်ရုံးက ဝန်ထမ်းတွေကိုတော့ ဌာနဆိုင်ရာဝန်ထမ်းတွေ ဖြစ်တဲ့အတွက် လုပ်ငန်းတွေ ယာယီမရပ်နားစေဖို့ နေအိမ်မှာပဲ စည်းကမ်းတင်းကျပ်စွာ အသွားအလာကန့်သတ်ထားပြီး Work From Home ညွှန်ကြားထားတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့အထိ ကွမ်းခြံကုန်းမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂၂ ဦး တွေ့ရှိထားပြီး ဆေးရုံဆင်းသူ ၉၃ ဦးနဲ့ သေဆုံးသူ ၂ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ - လွင်မိုးအောင်