ကျောက်မဲမြို့နယ်၌ တပ်မတော်စစ်ကြောင်းဝင်လာသဖြင့် ရွာသား ၄၀၀ ကျော် ထွက်ပြေးတိမ်းရှောင်
DVB
·
October 15, 2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်သျှင်အုပ်စုရှိ ကျေးရွာ ၄ ရွာက ရွာသား ၄၀၀ ကျော်ဟာ တပ်မတော်စစ်ကြောင်းတွေရွာထဲ ဝင်ရောက်လာတာကြောင့် တိုက်ပွဲဖြစ်မှာ စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးလာကြတယ်လို့ ကျောက်မဲဒေသခံတစ်ဦးက ပြောပါတယ်။
ရွာသားတွေဟာ အောက်တိုဘာ ၁၃ ရက် ည ၉ နာရီလောက်က နောင်သျှင်ဘုန်းကြီးကျောင်းကို ခိုလှုံဖို့ ရောက်လာကြပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၀ ဦးနဲ့ ကလေးငယ်တွေလည်းပါလာကြတယ်လို့ ဆိုပါတယ်။
နားဖိန်ရွာက အိမ်ထောင်စု ၂၇ စု၊ နားချမ်ရွာက အိမ်ထောင်စု ၈၀ စု၊ နားအော်ရွာက အိမ်ထောင်စု ၄၀ စု၊ ဆမ်ပူးရွာက အိမ်ထောင်စု ၂ စု နဲ့ စုစုပေါင်း လူဦး ရေ ၄၀၀ ကျော် ထွက်ပြေးလာကြတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ မနှင်းနုနုလွင်က ပြောပါတယ်။
ကျောက်မဲမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်လောက်ကစပြီး တပ်မတော်နဲ့ ရှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီ RCSS-SSA တပ်ဖွဲ့တွေအကြား ပစ်ခတ်မှုတွေကြောင့် ပုံဝိုး၊ နားအော်၊ နမ့်မဟင်၊ ခန့်ခဲ၊ ကုန်းဟတ်၊ နားချိမ်၊ လုံဝယ်၊ ကုန်းစုံ၊ နောင်ဆိမ်၊ နားအော်၊ မန်ထမ်စတဲ့ ကျေးရွာက ရွာသားတွေ နီးစပ်ရာ ဘုန်းကြီးကျောင်းမှာ သွားရောက် ထွက်ပြေးခိုလှုံနေကြ ရတာပါ။
လတ်တလော ကျောက်မဲဒေသမှာ တိုက်ပွဲရှောင်ရွာသားပေါင်း ၃၅၀၀ ကျော်ရှိနေပြီး စားနပ်ရိက္ခာနဲ့တခြား အကူအညီတွေလိုအပ်နေလို့ ရှမ်းပြည်နယ်အစိုးရအနေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို လိုအပ်တဲ့အကူအညီတွေ အမြန်ဆုံး ထောက်ပံ့ကူညီပေးဖို့ လွှတ်တော်အမတ်တွေက တောင်းဆိုထားပါ။
ဒီနေ့မှာတော့ ပစ်ခတ်မှုတွေ ရပ်တန့်နေပြီး ခုလိုဆက်တိုက် အပစ်အခတ် ရပ်စဲထားကြရင် ကွမ်ဟိန်နဲ့ နားဆောင်း ကျေးရွာ နှစ်ရွာက ထွက်ပြေးလာတဲ့ စစ်ဘေးရှောင် ရွာသားတွေ နေရပ်ပြန်ဖို့ရှိတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်က ပြောပါတယ်။
အကြမ်းဖက်အဖွဲ့တွေ လှုပ်ရှားနေတဲ့ နေရာကလွဲပြီး မြန်မာနိုင်ငံတဝန်းမှာ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ထားမယ်လို့ တပ်မတော်က ကြေညာထားချိန်မှာ အန်စီအေ အပစ်ရပ် လက်မှတ်ထိုးထားတဲ့ RCSS- SSA ရှမ်းလက်နက်ကိုင်အဖွဲ့နဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။