ဝိုင်းမော်မြို့အဝင်ဆိုင်းဘုတ်ကို ရှမ်းတိုင်းရင်းသားများ ကန့်ကွက် (ဓာတ်ပုံ)
DVB
·
October 14, 2020
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အဝင်အထွက် ဆိုင်းဘုတ်မှာ ကချင်တိုင်းရင်းသားကိုယ်စားပြု အမှတ်အသား တစ်ခုတည်းကို ထည့်သွင်း တည်ဆောက်ထားတဲ့အပေါ် ကန့်ကွက်မှုတွေရှိနေတယ်လို့ ဝိုင်းမော်မြို့ ရှမ်းတိုင်းရင်းသားလူငယ်များ စည်းလုံးညီညွတ်ရေးအဖွဲ့က ပြောပါတယ်။
ဝိုင်းမော်မြို့ကနေ ဗန်းမော်ကားလမ်းဘက်အထွက် ဆိုင်းဘုတ်နဲ့ မြစ်ကြီးနားမြို့ဘက်ကနေ ဝိုင်းမော်အဝင်ဆိုင်းဘုတ်ထူဖို့ အောက်တိုဘာ ၁၀ ရက်မှာ ဝိုင်းမော်စည်ပင်သာယာရေးကော်မတီက လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အဲ့ဒီဆိုင်းဘုတ်မှာ ကချင်ကိုယ်စားပြုအမှတ်အသားတခုတည်းသာ ထည့်သွင်းမှုမလုပ်ဘဲ ရှမ်းကိုယ်စားပြုအမှတ်အသားပါ ထည့်ပေးဖို့ ရှမ်းတိုင်းရင်းသားတွေက တောင်းဆိုနေတာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး အောက်တိုဘာ ၁၂ ရက်နဲ့ ၁၃ ရက်မှာ ရှမ်းနိုင်ငံရေးပါတီတွေအပါအဝင် ဝိုင်းမော်မြို့ ရှမ်းလူငယ်စည်လုံးညီညွတ်ရေးအဖွဲ့တို့ကပါ စာထုတ်ကန့်ကွက်ထားကြပါတယ်။
ဒေသခံတွေရဲ့ တောင်းဆိုမှုကို လက်မခံဘဲဆက်လုပ်နေမယ်ဆိုရင် နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆီ ကန့်ကွက်စာပို့သွားမယ်လို့ သိရပါတယ်။
ဝိုင်းမော်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌကတော့ တိုင်းရင်းသားရိုးရာ စာပေယဉ်ကျေးမှုအဖွဲ့ ခေါင်းဆောင်တွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ပါဝင်တဲ့ ဆွေးနွေးပွဲလုပ်ပြီး အားလုံးသဘောတူတဲ့ ပုံစံနဲ့ မြို့ဝင်မုခ်ကို လုပ်သွားမယ်လို့ ပြောပါတယ်။
Photo - Yan Aung Htun / MPA