ဘိုကလေးတွင် ရွေးကောက်ပွဲလုံခြုံရေး အထူးရဲတပ်ဖွဲ့ဝင် ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
October 13, 2020
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှာ ၂၀၂၀ ရွေးကောက်ပွဲလုံခြုံရေးအတွက် အထူးရဲသင်တန်းတက်ရောက်နေသူတွေကို အောက်တိုဘာ ၁၂ ရက် မနက်ပိုင်းက Rapid Test နဲ့ စစ်ဆေးရာ အထူးရဲတပ်ဖွဲ့ဝင် တစ်ဦးမှာ ကိုဗစ်-၁၉ ပိုး တွေ့ရှိခဲ့ရပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအတွက် ဘိုကလေးမြို့နယ်မှာ မဲရုံ ၃၆၁ရုံ အတွက် အထူးရဲ ၃၆၁ဦး ထားရှိပြီး ၂၅၉ ဦးကိုတော့ ဘိုကလေးမြို့နယ်ရှိ သက်ဆိုင်ရာ နယ်မြေရဲစခန်းအသီးသီးမှာ သင်တန်း ပို့ချနေတာပါ။
အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းမှာ အထူးရဲ ၁၀၂ ဦးကို သင်တန်းပို့ချခဲ့ပြီး ကိုဗစ်-၁၉ အမြန်စစ် ကိရိယာနဲ့ စစ်ဆေးခဲ့စဉ် မဂူကျေးရွာအုပ်စု သာယာကုန်းကျေးရွာသား အသက် ၂၅ နှစ်အရွယ် အထူးရဲတပ်ဖွဲ့ဝင် ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါ positive တွေ့ရှိခဲ့တာလို့ ဘိုကလေးမြို့မရဲစခန်းက သိရပါတယ်။
ပိုးတွေ့လူနာ အထူးရဲကို ဘိုကလေး ကုတင် ၁၀၀ ဆေးရုံသို့ တက်ရောက်ကုသစေပြီး သူနဲ့ထိတွေ့မှုရှိခဲ့တဲ့ အထူးရဲသင်တန်းသားတွေနဲ့ သင်တန်းနည်းပြ ဆရာတွေကို အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်းမှာ ကွာရန်တင်း ထားရှိတယ်လို့ ဘိုကလေးမြို့မ ရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဘိုကလေးမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၆ ဦးထိရှိခဲ့ပြီး ၁၄ ဦးမှာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာတဲ့အတွက် ဆေးရုံဆင်းခွင့်ရသွာပြီဖြစ်ပါတယ်။
လက်ရှိ ဘိုကလေး ကုတင် ၁၀၀ ဆေးရုံ မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ အထူးရဲ အပါအဝင် ၂ ဦးကို ဆက်လက်ကုသပေးနေကြောင်း COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံက သိရပါတယ်။
တနင်္သာရီတိုင်း ကော့သောင်းမြို့မှာလည်း အောက်တိုဘာ ၁၂ ရက်က ရွေးကောက်ပွဲ လုံခြုံရေးတာဝန်ယူမယ့် အထူးရဲတပ်ဖွဲ့ဝင် တစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေး တွေ့ရှိလို့ သင်တန်းအတူတက်နေသူတွေကို ကွာရန်တင်းထားရှိမယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံကြီးက သိရပါတယ်။
သတင်း -ထူးထူး
ဓာတ်ပုံ - ဘိုကလေးမြို့မ ရဲစခန်း