ကော့သောင်းတွင် အထူးရဲတပ်ဖွဲ့ဝင် ၁ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ
DVB
·
October 13, 2020
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့မှာ အောက်တိုဘာ ၁၂ ရက်က ရွေးကောက်ပွဲ လုံခြုံရေး တာဝန်ယူမယ့် အထူးရဲတပ်ဖွဲ့ဝင် တစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိလို့ သင်တန်းအတူတက်နေသူတွေကို ကွာရန်တင်းထားရှိမယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံကြီးက သိရပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ မဲရုံလုံခြုံရေးအတွက် အထူးရဲ ၇၉ ဦး သင်တန်းနည်းပြ ၁၄ ဦးကို ညွှန်ကြားချက်အရ Swab ဓာတ်ခွဲနမူနာယူစစ်ဆေးရာမှာ အခုလို ပိုးတွေ့ရှိရတာပါ။
သွားရောက်စစ်ဆေးခဲ့တဲ့ ကော့သောင်းခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထိုက်က “ကျနော်တို့ ဒီမနက်မှာ အထူးရဲအားလုံး ပိုးရှိမရှိစစ်ဆေးပေးရမယ်လို့ ညွှန်ကြားချက်ဝင်လာတဲ့ အတွက် ဒီမှာသင်တန်းတက်နေတဲ့ အထူးရဲစုစုပေါင်း ၉၁ ဦးကို ကိုဗစ်-၁၉ အမြန်စစ် ကိရိယာနဲ့ စစ်ဆေးတဲ့အခါမှာ တယောက်တွေ့တာပေါ့။ ခရီးသွားရာဇဝင်မရှိဘူး။ အခု သူနဲ့အတူတက်နေတဲ့ သင်တန်းသားတွေကို Quarantine ထားရှိပြီး သင်တန်းသားအားလုံးကို ဒုတိယအကြိမ်ထပ်စစ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
အရင်က ကော့သောင်းမှာ ပိုးတွေ့လူနာ မလေးရှားပြန် တစ်ဦးနဲ့ နိုင်ငံခြားသင်္ဘာသား သုံးဦးတွေ့ရှိပြီး ရောဂါပျောက်ကင်းလို့ ဆေးရုံက ဆင်းသွားပြီ ဖြစ်ပါတယ်။
သတင်း- လတ်ကိုကိုဦး