Home
မြန်မာသတင်း
ညောင်တုန်းတွင် ဂတ်စ်ပိုက်လိုင်းပေါက်ကွဲမီးလောင်မှုကြောင့် သေဆုံးသူ ၄ ဦးထိရှိလာ
DVB
·
October 13, 2020
121181935_963609380790072_6878770817521712756_n
ဧရာတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာမှာ အောက်တိုဘာ ၉ ရက်နေ့က ဂတ်စ်ပိုက်လိုင်းပေါက်ကွဲမီးလောင် ခဲ့တဲ့ဖြစ်စဉ်ကြောင့် သေဆုံးသူ ၄ ဦးအထိ ရှိလာပြီဖြစ်တယ်လို့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက သိရပါတယ်။ ဂတ်စ်ပိုက်လိုင်း ပေါက်ကွဲမီးလောင်မှုကြောင့်  အောက်တိုဘာလ ၁၀ ရက်နေ့မှာ ၃ နှစ်အရွယ် ကလေး ၁ ဦးသေဆုံးခဲ့ပြီး အောက်တိုဘာလ ၁၁ ရက်နေ့မှာ ကလေးငယ်ရဲ့ ဖခင်ဖြစ်သူနဲ့ အစ်ကိုဖြစ်သူတို့ သေဆုံးခဲ့ကာ အောက်တိုဘာလ ၁၂ ရက်နေ့မှာ မီးလောင်ခံရတဲ့ ရွာသား ၁ ဦးထပ်မံသေဆုံးခဲ့တာလို့  ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးကျော်ကျော်၀င်းစံက ပြောပါတယ်။ "မီးလောင်တဲ့နေမှာ ၃ ဦးကို စိုးရိမ်ရတဲ့အခြေအနေတွေရှိလို့ မအူပင်ဆေးရုံကြီးကိုပို့ခဲ့တယ်၊ ဒါပေမဲ့ နောက်တနေ့မှာ ညောင်တုန်းဆေးရုံက ၃ နှစ်အရွယ်ကလေးက အရင်ဆုံးတယ်။ နောက်မှ မအူပင်က ၃ ဦးဆုံးတာ၊ အားလုံးကိုတော့ အိမ်ဆောက်ဖို့နဲ့ စားနပ်ရိက္ခာတွေလည်း ထောက်ပံ့ပေးထားပါတယ်"လို့ ပြောပါတယ်။ ဂတ်စ်ပိုက်လိုင်းပေါက်ကွဲမီးလောင်မှုကြောင့် သေဆုံးခဲ့တဲ့သူတွေကို ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနအနေနဲ့ ၁ ဦးကို ကျပ် ၃ သိန်းနှုန်းနဲ့ ထောက်ပံ့ပေးထားပြီး နေအိမ်မီးလောင်ပျက်စီးပြီး ဆေးရုံတက်ရတဲ့သူတွေကို ၁ ဦး ကျပ်  ၅ သောင်းနှုန်းထောက်ပံ့ပေးထားသလို အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေနဲ့ စားနပ်ရိက္ခာတန်ဖိုးငွေလည်း ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ဂတ်စ်ပိုက်လိုင်းဟာ အမှတ် ၂ ရေနံသဘာ၀ဓာတ်ငွေ့စက်ရုံကနေ ညောင်တုန်း-ကန်ကြီးထောင့်သွယ်တန်းထားတဲ့ ဂတ်စ်ပိုက်လိုင်းဖြစ်ပါတယ်။ အဆိုပါ ဂတ်စ်ပိုက်လိုင်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့က ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာအနီး ရန်ကုန်-ပုသိမ် ကားလမ်းမဘေး ကျောက်တုံးတွေကြားကနေ ယိုစိမ့်မှု ဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဌာနက သိရပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024